သား မင်းသန့်မောင်မောင် ရဲ့ ဇာတ်ကားရိုက်ကူးမှုအပေါ် မေသန်းနု ရဲ့ အမြင်

0
858

သရုပ်ဆောင် မေသန်းနုကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတဲ့ Look At Me ဇာတ်လမ်းတိုမှာ သားအတွက်ပါဝင်အားဖြည့်သရုပ်ဆောင်ပေးနေတာကိုတွေ့ရပါတယ်။ သားက သူ့ရဲ့ ငယ်ဘဝဇာတ်ကြောင်းကို ကိုယ်တိုင်ဖန်တီးရိုက်ကူးနေတဲ့အပေါ် မိခင်ဖြစ်သူတစ်ယောက်အနေနဲ့ သားဖြစ်သူရဲ့ ရိုက်ကူးမှုတွေနဲ့ပတ်သက်ပြီး အမြင်က …

”သားရဲ့ ဇာတ်လမ်းက သူရဲ့ မိသားစုငယ်ဘဝကို အခြေခံတယ်။ သူကလည်း သူ့အမေက သရုပ်ဆောင်ဆိုတော့ သူ့ရဲ့ဇာတ်လမ်းလေးမှာပါဝင်ပြီး ကူညီသရုပ်ဆောင်ပေးဖို့ပြောတဲ့အတွက် မဆင့်ကလည်း တက်တက်ကြွကြွနဲ့ သရုပ်ဆောင်ပေးရတာပေါ့။ သားကိုကြည့်တော့လည်း စေ့စေ့ စပ်စပ်နဲ့ တကယ်ကိုစိတ်ပါဝင်စားစွာ အလုပ်လုပ်နေတာကို မဆင့်တွေ့ရတယ်။ အဓိကက ဇာတ် အပေါ်မှာလည်း မူတည်တယ်။ သားကလည်း မဆင့်ကို သူလိုချင်တဲ့ ပုံစံကိုအသေးစိတ်ပြောပြတယ်။ ကိုရဲအောင်ကိုလည်း အသေးစိတ်ပြောတယ်။ ဒီအပေါ်မှာ အစ်မတို့က သားဖြစ်စေချင်တဲ့အတိုင်းလေး ကြိုးစားပြီး လုပ်ပေးရတာပေါ့။ သားက ဖြစ်သလိုလည်း မလုပ်ဘူး။ အနုစိတ်ရိုက်တယ်။ သူရဲ့ရိုက်ချက် တွေကပြင်ပြင်ဆင်ဆင်နဲ့ သုံးလေးခေါက်ရိုက်တာကိုလည်း မဆင့်တို့တွေ့ခဲ့ရတယ်။ မဆင့်အမြင်က တော့ သူဒီဇာတ်လမ်းအတွက် တော်တော်လေးကြိုးစားအားထုတ်ထားပါတယ်”လို့ မိခင်ဖြစ်သူ မေသန်းနုက ပြောပြပါတယ်။

ဆက်လက်ပြီး မေသန်းနုအနေကလည်း ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် ပုံမှန် ရိုက်ကူးမှုတွေနဲ့ သားမင်းသန့်မောင်မောင်ရဲ့ ရိုက်ကူးမှုတွေက ကွာခြားမှုရှိသလား။ ဘယ်အချက် တွေက ကွဲပြားနေသလဲဆိုတာကို မေးမြန်းတော့ …

”သားက ဒိုင်ယာလော့ခ်ပိုင်းမှာလည်း စကားပြောဒိုင်ယာလော့ခ် နည်းနည်းနဲ့ သရုပ်ဆောင် မှုကို ပိုပြီးအသားပေးထားတယ်။ Silence Acting တွေ၊ ခံစားမှုအမူအရာတွေကိုလည်း အဓိက ထားတယ်။ ပုံမှန် မဆင့်တို့ ဇာတ်ကားတွေရိုက်ရင်တော့ ဒိုင်ယာလော့ခ်တွေ နည်းနည်းများတဲ့ အတွက် ကျက်ရတာပေါ့။ သရုပ်ဆောင်အမူအရာတွေကို အဓိကထားတဲ့အတွက် မဆင့်တို့ သရုပ်ဆောင်တွေ ဒိုင်ယာလောခ့် သိပ်မကျက်ရတော့ဘူးပေါ့။ (ရယ်လျက်)နောက်ပြီး သား ဇာတ်ကားရိုက်ကူးတဲ့ အချိန်မှာလည်း မိတ်ဆွေအပေါင်းအသင်းတွေက မေတ္တာနဲ့ ဝိုင်းဝန်းပြီး အာပေးကူညီကြတယ်။ သားကလည်း ကြိုးစားနေတယ်။ ဒါ ကြောင့် သူ့ကိုလည်းတတ်နိုင်သလောက် အားပေးစောင့်ရှောက်ပေးကြ ပါ” လို့ မေသန်းနုက ဆိုပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here