သားရဲ့ အိမ်ထောင်ဖက်နဲ့ပတ်သက်ပြီး သူတို့ စံထားတဲ့မိန်းကလေးမျိုးကို ဟိန်းဝေယံ ရဲ့မိဘနှစ်ဦးပြောပြ

0
307

သရုပ်ဆောင် ဟိန်းဝေယံရဲ့ မိဘများဖြစ်ကြတဲ့ ဖခင်ဦးဝင်းကို၊ မိခင်ဒေါ်စန်းစန်းဝင်းတို့က သား ဟိန်းဝေယံကို အိမ်ထောင်ပြု မိသားစုဘဝတစ်ခု တည်ထောင်စေချင်ပြီ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက် ၂၉ နှစ် အရွယ်ထဲ ရောက်ရှိနေတဲ့အတွက် ဒီအသက်အရွယ်အရဆိုရင် အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ဖခင်ဦးဝင်းကိုက ပြောပါတယ်။ သား အိမ်ထောင်ပြုဖို့ နဲ့ပတ်သက်ပြီး သူတို့ စီစဉ်ထားရှိတာက..

”အဲဒီအတွက် ဦးတို့ကတော့ အထွေအထူး ဘာမှ မစီစဉ်ထားဘူး။ သူကြိုက်တာ သူရွေးချယ်ပေါ့နော်။ သူရွေးချယ်တဲ့သူကို ဦးတို့ကလည်း ဘဝသမားတွေကနေ ကြိုးစားပြီး လာခဲ့ရသူတွေမို့ သူရွေးချယ်တဲ့မိန်းကလေးကိုလည်း ဦးတို့ စံထားတာက ကိုယ်ကျင့်တရားကောင်းရမယ်။ သူကိုယ်၌ကကောင်းသလို သူ့ရဲ့ မိဘဆွေမျိုးတွေကလည်း ကောင်းရမယ်။ ပြီးတော့ မိဘဆွေမျိုး မောင်နှမအသိုင်းအဝိုင်းအကုန်လုံးနဲ့ သင့်တင့်မျှတစွာပေါင်းသင်း ဆက်ဆံနိုင်တဲ့ အမျိုးကောင်းသမီး ဖြစ်ရမယ်။ အဲဒီလိုပြည့်စုံရင် ဦးတို့ ကြည်ဖြူပါတယ်။ လက်ခံပါတယ်။ ဦး တို့က ဆင်းရဲချမ်းသာမရွေးပါဘူး။” လို့ ဟိန်းဝေယံရဲ့ ဖခင်က ပြောပြပါတယ်။ သူ့ရဲ့သားက အခုချိန်ထိတော့ အိမ်ထောင်ပြုဖို့ မစဉ်းစားသေးတဲ့အတွက် ကံကိုပဲပုံချမယ်။ ကံပါရင် တော့ သူအိမ်ထောင်ပြုဖြစ်ပါလိမ့်မယ်လို့ ပြောပါသေးတယ်။ သူတို့မှာ သားသမီးလေးယောက်ရှိပြီး ဟိန်းဝေယံက တတိယမြောက်သားဖြစ်ကာ အင်မတန်မှ အနေအေးပြီး စိတ်ထားဖြူတဲ့ သားလေးဖြစ်တာမို့ သားရဲ့ မွေးရာပါ ထူးခြားချက်များအကြောင်းကို ဖခင် ဦးဝင်းကိုက အခုလို ပြောပြပါတယ်။

”သူ့ရဲ့ ထူးခြားချက်က လူတော်တော်များများလုပ်လို့မရတဲ့ အချက်ပါတယ်။ အဲဒီ မွေးရာပါပါတဲ့အချက်ပေါ့။ သူ့မှာက တအားသဘောကောင်းပြီး တအားစိတ်ထားဖြူစင်တဲ့ အရာလေးက တော်တော်ချစ်ဖို့ကောင်းတာပါ။ ဒါက ဖန်တီးယူလို့ သိပ်မရတဲ့ကိစ္စလေ။ အဲဒီဟာက သူ့ ရဲ့ထူးခြားချက်ပေါ့။ နောက်တစ်ချက်က အနုပညာ Telant ပေါ့။ ဦးတို့ ကိုယ်၌ကလည်း ဘာမှတတ်တာမဟုတ်ဘူး။ သူ့ရဲ့ အရည်အချင်းနဲ့ သူ လုပ်နိုင်ကိုင်နိုင်လာ တာတွေပေါ့။ သူ့ရဲ့ ထူးခြားချက်တွေက ဒါတွေပေါ့နော်”လို့ ဆက်လက်ပြောပြပါတယ်။ သားဝါသနာပါတဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီးလည်း မိဘများအနေနဲ့ ဆက်လက်ပံ့ပိုး ပေးသွားဦးမှာဖြစ်ပြီး သူတို့ထုတ်လုပ်ရေးမှလည်း ဗီဒီယိုဇာတ်ကားများနဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ထွက်ရှိဖို့ရှိကြောင်း ပြောပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here