ဥပါဒါန်ဆိုပြီး ကြော်ငြာတဲ့လိုဂိုဟာ နဂါးခုနှစ်ကောင်ဖြင့် ဖွဲ့စည်းထားကြောင်းဒါရိုက်တာ ဗန်းကြီး ရှင်းပြ

0
173

ဘာသာရေးဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသခဲ့တာ ဒုတိယရက်သတ္တပတ်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒုတိယ ရက်သတ္တပတ် ရောက်ရှိခဲ့တာနဲ့အမျှ ပရိသတ်ရဲ့ အားပေးမှုတွေကလည်း မြင့် တက်လာဆဲဖြစ်ပါတယ်။ ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတဲ့ဒါရိုက်တာ ဗန်းကြီးကို အိပ်မက်လာပေးတဲ့အတွက် ဒါရိုက်တာဗန်းကြီးမှ အိပ်မက်ထဲအတိုင်း အပြင်မှာ လက်တွေ့ပုံဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဇာတ်ကားတစ်ကား လုံး ထူးခြားချက်တွေနဲ့ ပြည့်နှက်နေပြီး ဥပါဒါန်လို့ရေးတဲ့ လိုဂိုမှာပဲ အဓိပ္ပါယ် များစွာ ပါဝင်နေပါတယ်။ ဥပါဒါန်ဆိုပြီး ရေးသားထားတဲ့ လိုဂိုဟာ နဂါးခုနှစ် ကောင်နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဒါရိုက်တာဗန်းကြီးက ပြောပါတယ်။

”ကျွန်တော်တို့ ဒီဇာတ်ကား ရိုက်ကူးကတည်းက ထူးခြားမှုတွေနဲ့ ရေးသားခဲ့တာဆိုတော့ အလွန်ကိုတန်ဖိုးရှိတဲ့ဇာတ်ကားပါ။ ကျွန်တော်တို့ ဇာတ်ကား တစ်ကားလုံးကို သေသေချာချာ ရိုက်ကူးခဲ့တဲ့အပြင် ကြော်ငြာတဲ့ ပိုစတာမှာ ဥပါဒါန်လိုဂိုဟာ နဂါးခုနှစ်ကောင်နဲ့ ဖွဲ့စည်းပြီး ပြုလုပ်ထားတာဟာ အလွန်ကို ကြည်နူးမိပါတယ်။ ပြီးတော့ ထူးခြားတဲ့အချက်တစ်ခုက ဒီဇာတ်ကား ကို ရိုက်ကူးကတည်းကလည်း မဂဏန်းတွေနဲ့ပဲ ကြုံခဲ့ရတယ်။ ရိုက်ကူးရတဲ့ရက် ၁၈ ရက်နေ့ ရိုက်ကူးတယ်။ ရိုက်ကူးချိန် ကြာတော့လည်း ၁၈ ရက်ပဲကြာတယ်။ ပြီးတော့လည်း ၁၈ ရက် အတွင်းမှာပဲ ရုံတင်ပြသရတယ်။ ပြီးတော့ ဥပါဒါန် ဇာတ်ကား ရုံတင်ပြသခွင့်ရတဲ့အတွက် အကြိုလှူဒါန်းပွဲမှာလည်း သံဃာအပါး ၂၂၇ ပါး ကို လှူဒါန်းခဲ့ရတယ်။ အကုန်လုံး မ ဂဏန်း တွေနဲ့ပါ ကြုံခဲ့ရတယ်။ တကယ့်ကို ထူးခြားတဲ့ဇာတ်ကားကြီးပါ”လို့ ဒါရိုက်တာဗန်းကြီးက ပြောပါတယ်။

ဇာတ်ကားရိုက်ကူးတဲ့အချိန်မှာ မြွေအစစ်တွေသာ ထည့်သွင်း အသုံး ပြုခဲ့ကြောင်းကိုလည်း ဒါရိုက်တာဗန်းကြီးက – ”ကျွန်တော်တို့ မြွေနှစ်ကောင်ကို တိရစ္ဆာန်ဥယျာဉ်က ငှားလာခဲ့တာပါ။ မြွေတွေက အမတွေပါ။ တစ်ကောင် ကတော့ အရေခွံလဲနေတဲ့ အချိန်ဆိုတော့ သိပ်အဆင်မပြေဘူး။ နောက်ထပ် မြွေမတစ်ကောင်က တော်တော်လည်းပေါက်တယ်။ မြွေ အလိမ္မာသမားကို ပါပြန်ပြီးတော့ ပေါက်တာ။ ဒါပေမဲ့ ဇာတ်ကားရိုက်ကူးနေတဲ့အချိန်မှာတော့ အကုန်လုံး အဆင်ပြေတယ်။ တောအုပ်ထဲမှာ ရိုက်ကူးတာဆိုတော့ တချို့မြွေ တွေဆို တောအုပ်ကိုမြင်တာနဲ့ မရတော့ဘူး။ ချက်ချင်းဝင်သွားပြီ။ ဒါပေမဲ့ ဒီမြွေမကတော့ သူ့အကြောင်းအကျိုးနဲ့ ပါလာလို့ထင်တယ်။ အဲဒီဦးဇင်းလေး နောက်ကိုပဲ လိုက်နေတာ။ ပြီးတော့ ကျွန်တော်က မြွေအတွက်ရိုက်ကူးတဲ့ ကဒ်တွေစုံပြီလို့ ပြောလိုက်တာနဲ့ တောထဲပြေးဝင်သွားတယ်။ တော်တော်ကို အံ့သြမိပါတယ်”လို့ သူက ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here