ဆို့ဆို့နင့်နင့်ခံစားခဲ့ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုအကြောင်း လွှမ်းပိုင် ပြောပြ

0
305

လွှမ်းပိုင်ကတော့ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားမှာ နေညိုသွင်ဆိုတဲ့ စာရေးဆရာလူတော်လေး တစ်ယောက်ဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ငွေကြေးမချမ်းသာပေမယ့် ချစ်သူကို တအားချစ်တယ်။ အဆုံးရှုံးမခံနိုင်ဘူး။ ပြိုင်ဘက်က ကိုယ့် ချစ်သူကို လုယူသွားချိန်၊ ချစ်သူကိုဆုံးရှုံးရပြီလို့ သိလိုက်တဲ့အချိန်၊ ချစ်သူက မိမိကြေကွဲနေတာကို လာရောက်တွေ့တဲ့အချိန်မှာ လွှမ်းပိုင် သရုပ်ဆောင်သွားတာ တကယ့်ကို ဝါရင့်သရုပ်ဆောင်တွေလိုပါပဲ။

ဖွေးဖွေးနဲ့ သစ်ပင်အောက်မှာတွေ့တဲ့ အချိန်လေးက လွှမ်းပိုင်ရဲ့ အကောင်းဆုံးအချိန်လေးလို့တောင်ပြောလို့ရပါတယ်။ သူကလည်း အဲဒီအခန်းလေးကို သဘောကျကြောင်း …

”ကျွန်တော် မဖွေးနဲ့ သရုပ်ဆောင်တဲ့နေရာမှာ အလွန်အားရတဲ့ အခန်းဆိုရင် ကျွန်တော်တို့ သစ်ပင် အောက်မှာ စကားပြောတဲ့အခန်းလေ။ ကျွန်တော်တို့ ငိုတဲ့အခန်းလေးကို ကျွန်တော်တော်တော်အားရတယ်။ အလွန်ပဲ သဘောကျတယ်။ အဲဒီ အခန်းကြီး သရုပ်ဆောင်တုန်းက တော်တော်ကြီးကို ဆို့ဆို့နင့်နင့် ကြီး ခံစားရတယ်။ ဘာဖြစ်လို့လဲ မသိဘူး (ရယ်လျက်)” လို့ လွှမ်းပိုင်က ပြောပြပါတယ်။

ရဲရင့်အောင်နဲ့ သူနဲ့က အဆိုတော်တွေဆိုတော့ သရုပ်ဆောင်ရတဲ့အခါ ဖိအားတွေများစွာရှိခဲ့ကြောင်းကို လည်း လွှမ်းပိုင်က …

”ရှေ့မှာလည်း Rehearsal လုပ်ထားတာလေးတွေရှိတော့ တအားကြီး ခက်ခက် ခဲခဲ သရုပ်ဆောင်ရတာမျိုးတော့ မရှိပါဘူး။ ကျွန်တော် တို့ Plot တွေချထားတာကို ပြောကြတယ်။ သရုပ်ဆောင် ကြတယ်။ ရဲရင့်အောင်ရော၊ ကျွန်တော်ရောက ပြေးပွဲ၊ ပြိုင်ပွဲ တစ်ခုဆိုလို့ရှိရင် ပြေးလမ်းမချော်အောင်ပြေးနေရတဲ့ ပုံစံ မျိုးကို တော်တော်လေး သရုပ်ဆောင်ရတာပါ။ စိတ်ဖိအား တော့ အလွန်များပါတယ်” လို့ ပြောပြခဲ့ပါတယ်။

လွှမ်းပိုင် ကတော့ နောက်ထပ်ရုပ်ရှင် ဇာတ်ကားတစ်ကားဖြစ်တဲ့ ‘ကြွေ’ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသဖို့လည်းရှိပြီး အဲဒီ ဇာတ်ကားမှာ အိချောပိုနဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here