တားရော့ကြည့်ရင်း မြင်တွေ့ရတဲ့ ဖြစ်ရပ်ဆန်းကြယ်တွေကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့တဲ့ စာရေးဆရာမ နေခြည် (တားရော့)

0
205

ဟာသသရုပ်ဆောင် ငှက်ပျော်ကြော်ရဲ့ ဇနီးဖြစ်သူစာရေးဆရာမ နေခြည် (တားရော့)က သူ့ရဲ့ ပထမဆုံးစာအုပ်ကို ထွက်ရှိခဲ့ပြီးပြီဖြစ် ပါတယ်။ ဒီစာအုပ်ရဲ့ နာမည်ကတော့ ”မမြင်ရသူတို့၏ အသံများ” ဖြစ်ပြီး တကယ့်ဖြစ်ရပ်တွေအကြောင်းကိုသာ ရေးသားထားခြင်းဖြစ်ပါ တယ်။ သူဟာ ဒီစာအုပ်မထွက်ခင်မှာReal Life Real story မှာ ပင်တိုင်ဆောင်းပါးရှင်အနေနဲ့ ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ အဲဒီ လိုနဲ့ Real Life Real story မှာအပတ်စဉ်ရေးသားတဲ့ ဆောင်းပါးတွေ ကိုစုစည်းပြီး စာအုပ်အနေနဲ့ ထွက်ရှိဖို့အကြောင်း ဖန်လာပြီး သူ့ရဲ့ပထမဆုံးစာအုပ်ကို ပရိသတ်တွေထံ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ စာပေရေးသားခြင်းနဲ့ ပတ်သက်လို့ သူ့ကို သင်ပြပြောပြခဲ့သူကတော့ ဇာဂနာ ပဲဖြစ်ပါတယ်။

စာရေးတဲ့သက်တမ်းကတော့ ၂ နှစ် ကျော်၊ ၃ နှစ်ကျော် အတွင်းရှိနေပြီလည်း ဖြစ်ပါ တယ်။

”ရေးတဲ့အကြောင်းအရာ တွေကလည်း တားရော့ ကြည့်ရင်းနဲ့ ထူး ထူးခြားခြားတွေ့ရတဲ့အကြောင်း အရာတွေကို ရေးတာများပါတယ်။ အထူးသဖြင့်တော့ မမြင်ရတဲ့အရာတွေ၊ ဝိညာဉ်အကြောင်းတွေကိုရေးတာ များတယ်။ တားရော့ကြည့် ပေးရင်နဲ့ တကယ်ဖြစ်လာတဲ့ဖြစ်ရပ်မှန်တွေကိုပဲ ရေးတာပါ။ ကိုယ့်ဘာသာကို စိတ်ကူး ယဉ်စဉ်းစား ထားတဲ့ဟာတွေ မဟုတ်ပါဘူး” လို့ စာအုပ်နဲ့ပတ်သက်လို့ စာရေးဆရာမ နေခြည် (တားရော့)ကပြောပြပါတယ်။

စာအုပ်နဲ့ ပတ်သက်လို့ နောက်ထပ်စာအုပ်တွေ ထပ်ထွက်ဖို့ရှိပြီး စာအုပ်ထုတ်ဖို့ ပြောထားတဲ့ စာပေထုတ်လုပ်ရေးတွေလည်း ရှိနေကြောင်း သိရပါတယ်။ သူဟာအရင်ကတည်းက ထူးခြားမှုတွေကို တွေ့ကြုံခဲ့ရတဲ့သူပဲ ဖြစ်ပါတယ်။

”အစ်မတို့ နေထိုင်ခဲ့တဲ့အိမ်ကလည်း ရှေးခေတ်ကအိမ်လိုပဲ။ အင်းပြား တွေဘာတွေလည်း တွေ့ရတယ်။ ပြီးတော့ တစ်ခုခုဝင်ပူးတာတော့ဖြစ်တယ်။ သရဲနဲ့ ပတ်သက်တာတော့ အမြဲလိုလိုကြုံရတယ်။ အစ်မက ငယ်စဉ်ကတည်းက ဘာသာရေးပို လုပ်ဖြစ်တယ်။ ဘိုးတော်တွေဘာတွေကိုလည်း စိတ်နဲ့ တွေ့ရတာတွေရှိတယ်။ ထူးထူး ဆန်းဆန်းတွေကို အမြဲတမ်းကြုံတယ်။ ဒါကြောင့်အဲဒီဘက်ပိုင်းကို စာရေးဖို့ဝါသနာပါလာ တယ်။ မမြင်ရတဲ့အရာတွေကို သိတယ်၊ မြင်ရတယ်ပေါ့။ ဒါပေမဲ့ သရဲအကောင်လိုက်ကြီး တွေကို မြင်ရတာ မျိုးတော့မဟုတ်ဘူး။ ဒီနေရာမှာသရဲ ရှိတယ်၊ သူတို့ဘယ်လိုပုံစံဆိုတာ ကို စိတ်ကနေအလိုလိုသိတယ်” လို့ သူ့ဘဝမှာကြုံတွေ့ရတဲ့ ထူးခြားမှုတွေနဲ့ ပတ်သက်လို့ နေခြည်(တားရော့)က ပြောပြပါတယ်။

သူကစာရေးဆရာမတစ်ဦးလည်း ဖြစ်သလို တားရော့ကြည့်ပေးတဲ့ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူ ငှက်ပျော်ကြော်ကလည်း အနုပညာရှင်တစ်ဦးဖြစ် တဲ့အတွက် သူနဲ့ ခင်မင် ရင်းနှီးတဲ့ အနုပညာရှင်တွေ တော် တော်များများကလည်း သူ့ကိုတားရော့ကြည့်ခိုင်း လေ့ ရှိပါတယ်။ သူဟာတား ရော့ဟောခန်းအနေနဲ့ ဖွင့် လှစ်သွားဖို့မရှိပေမယ့်လည်း အိမ်မှာတော့ အဆင်ပြေရင် ပြေသလို တားရော့ဟော ပေးသွားဖို့ အစီအစဉ်ရှိပါ ကြောင်းလည်းပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here