သဘင်၊ ရုပ်ရှင်၊ ဂီတ သုံးမျိုးစလုံး မျှပြီး လုပ်သွားမယ့် ဟန်ဇာမိုးဝင်းရဲ့ ညီ နေမိုးဝင်း

0
114

စံပြသဘင်မိသားစုရဲ့ အငယ်ဆုံး သဘင်မျိုးဆက်ရင်သွေး ဖြစ်တဲ့ နေမိုးဝင်းက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ သူက အစ်ကိုတွေနဲ့ အတူတူ စံပြသဘင်ရဲ့ စင်မြင့်ပေါ်မှာ သီချင်းတွေ သီဆိုဖျော်ဖြေလေ့ရှိပါတယ်။ သဘင်ကိုလည်း ချစ် မြတ်နိုးတဲ့သူက ရုပ်ရှင်ဘက်ကိုလည်း စိတ်ဝင်စားသူတစ်ဦးပါပဲ။

ဒါကြောင့် သူက ဒါရိုက်တာ အောင်ကိုလတ်ရိုက်ကူးတဲ့ ‘နေရယ် လရယ် အမှန် တရားရယ်’အပိုင်း(၂) ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲက သူ့အတွက် ပထမဆုံး သရုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ ဒီအတွက်လည်း သူ့ရဲ့အတွေ့အကြုံကို မေးမြန်းတဲ့ အခါမှာတော့…

”ကျွန်တော် ထင်ထားတာက အစကတော့ လွယ်မယ်ပေါ့လေ။ တကယ်တော့ မလွယ်ဘူးဗျ။ သရုပ်ဆောင်ပညာက တော်တော် ခက်တယ်။ ထင်တာနဲ့ မြင်တာနဲ့ ကွာခြားတယ်။ အများကြီးကို စိတ်တွေ နစ်ထားရတယ်။ တစ်ခါမှမလုပ်ဖူးတာတွေ လုပ်ရတယ်။ ငိုတာတို့ ဘာတို့ဆိုရင် မလုပ်နိုင်ဘူး။ တော်တော်လေးကို စိတ်နစ် ပြီးတော့ လုပ်ရတယ်”လို့ နေမိုးဝင်းက ပြောပြပါတယ်။

ဒီဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ လက်ခံဖြစ်တာကလည်း သူ့အတွက် အတွေ့အကြုံလည်းရမယ်၊ ရိုက်ကူးမယ့်သူတွေကလည်း ဒါရိုက်တာ ဦးအောင်ကိုလတ်နဲ့ အန်တီ ဆွေဇင်ထိုက်တို့ဖြစ်တာရယ်ကြောင့် သူတို့ဆီကနေ သင်ပြမှုတွေ ရရှိလိမ့်မယ်လို့ တွေးမိတာကြောင့် လက်ခံဖြစ်ခဲ့ခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

”ဇာတ်ရုပ်နဲ့အံဝင်မှုဖြစ်အောင်တော့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ မရိုက်ခင်ကလည်း ကျွန်တော် လေ့ လာခဲ့တယ်။ ပြီးတော့ အဖေတို့ အစ်ကိုတို့ကလည်း ပြောပြပေးကြတယ်။ ပြီးတော့ ဇာတ်ညွှန်းကို ဖတ်လိုက်တယ်။ သေချာစိတ်နစ်ပြီးတော့ လုပ်ခဲ့တယ်”လို့ နေမိုးဝင်းကပြောပါတယ်။

ဇာတ်ကားတွေ ရိုက်ကူးဖို့ ထပ်မံ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင်လည်း လက်ခံရိုက်ကူးဖြစ်သွားမှာဖြစ်ပြီး သူ့အနေနဲ့ကတော့ အနုပညာသမားတစ်ယောက်ပဲဖြစ်ချင်ပြီး ဘယ်နေရာရယ်မှမဟုတ်ဘဲ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။ သူက ရုပ်ရှင်၊ သဘင်၊ ဂီတ ၃ မျိုးစလုံးကို ဝါသနာ ပါပြီး ၃ ခုစလုံး ကို မျှပြီးလုပ်ကိုင်သွားဖို့ရှိပြီး သဘင် အနေနဲ့လည်း မြန်မာအကတွေ သင်သွားဖို့ရှိကြောင်း သိရပါတယ်။ သူ့ အတွက်တော့ အဆိုပိုင်းနဲ့ ရုပ်ရှင်ပိုင်းကို ပိုခက်မယ်လို့ထင်မိပြီး သဘင်ကတော့ သူ့အတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here