ပေါက်ကွဲတော့မယ့်ဆဲဆဲ
ပေါက်ကွဲတော့မယ့်ဆဲဆဲ
ငါ့နိုင်ငံတော်ဟာ
ပေါက်ကွဲတော့မယ်ဆဲဆဲ
ဗုံးတစ်လုံးကို
ဖုတ်ကောင်တွေ မွေးမွေးထားတယ် ။
သူတို့ဟာ ငါတို့မြို့တွေထဲကိုလျှောက်မယ်
နန်းတော်ထဲကို လျှောက်မယ်
ညီလာခံတွေ တက်လိမ့်မယ်
မြို့ထဲမှာ ပွင့်လင်းမြင်သာစွာ
အန်ချခွင့်ရရင် ဒီကောင်တွေပဲ
ရုပ်ပျက်ဆင်းပျက် ယိမ်းထိုးနေကြ
ပတ်ဝန်းကျင်မှာ သူတို့ကိုက်လိုက်တိုင်း
ဖုတ်ကောင်တွေ များများလာ
ငါတို့မှာ အသက်ကို ဝဝရှူမရ
ငါတို့အိမ်ယာတွေ
ရှေးဟောင်းအနုလက်ရာတွေ
ငါတို့ရင်သွေးတွေဟာ
မှန်ကွဲစတွေနဲ့အတူ
ငါတို့အိပ်မက်တွေနဲ့အတူ ပြန့်ကျဲလို့
ငါ့နိုင်ငံတော်ဟာ စုစည်းမရခဲ့
ငှက်အုပ်တွေ ထပျံသံကြားတယ်။
ဖုတ်ကောင်တွေ လမ်းလျှောက်လာကြပြီး
လူတွေမှာ ရှောင်ပြေးကြရ
ဦးနှောက်ကို အတတ်နိုင်ဆုံးကာကွယ်ဖို့
ဖုတ်ကောင်ကို လမ်းဖယ်ပေးရရင်း
ငါတို့ဟာ အပျက်အစီးတွေကြား
ကြောက်မက်ဖွယ်ရာ
ညည်းတွားမှုကို ပြုလို့
အိပ်တန်းတက်ပစ်ခဲ့ရ
ငါတို့လည်း ပြင်ဆင်ခွင့်မရ
ငါ့နိုင်ငံတော်အလံ လွှင့်တင်ဖို့
ငါ့ခြေတစ်လှမ်းအရွေ့ ရောက်ဖို့တင်
ငါ့လက်မောင်းသားတွေ
အရည်တွန့်လေပြီ။
ခက်တော့လည်းခက်သား
ငါ့နိုင်ငံတော်ဟာ
ဖုတ်ကောင်တွေ မွေးမွေးထားတယ်။
သူသူမေ