ဒရာမာဇာတ်ကားတစ်ကားရိုက်ကူးဖို့ စီစဉ်နေတဲ့ အကယ်ဒမီ မြင့်မြင့်ခိုင်

0
252

အကယ်ဒမီမြင့်မြင့်ခိုင်ရဲ့ စိမ်းဝါနီရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးပြီး အခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ ‘ကြိုးနှင့် ချည်ထားသော ဗာရာဏသီ’ ဟာသရုပ်ရှင်ဇာတ်ကားဟာ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ သို့သော် လည်း အဲဒီနောက်ပိုင်းမှာတော့ စိမ်းဝါနီ ထုတ်လုပ်ရေးကနေပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသလာခဲ့ခြင်း မရှိသေးပါဘူး။ အကယ်ဒမီ မြင့်မြင့်ခိုင်ကတော့ ‘ကြိုးနှင့်ချည်ထားသော ဗာရာဏသီ’ ရုပ်ရှင်ဇာတ်ကားကို အင်မတန် အားရ ကျေနပ်ခဲ့ပြီး ပရိသတ်အားပေးမှုရခဲ့တဲ့အပေါ်လည်း ကျေးဇူးတင်မိကြောင်း ဆိုပါတယ်။

”ကြိုးနှင့်ချည်ထားသော ဗာရာဏသီ” ဇာတ်ကားဟာ ဟာသရုပ်ရှင် ဇာတ်ကားဖြစ်တာကြောင့် အခုရိုက်ကူးဖို့ ဇာတ်လမ်းရွေးတဲ့အခါ ဇာတ်လမ်းအမျိုးအစားအသစ်အနေနဲ့ ဒရာမာဘက်ကို ဆက်နွှယ်တဲ့ ရုပ်ရှင်ဇာတ် ကားကို ဖန်တီးဖို့ တိုင်ပင်နေကြတာဖြစ်တယ်လို့ဆိုပါတယ်။ အကယ်ဒမီ မြင့်မြင့်ခိုင် ဆက်ပြောပြတာကတော့ အခုခေတ် မှာ ပြိုင်ဆိုင်မှုတွေလည်း သိပ်ပြင်းထန်လာတာမို့ ကိုယ်ရိုက်ကူးတဲ့ ဇာတ်ကားတွေကိုလည်း ကွာလတီကောင်းတဲ့ ဇာတ်လမ်းကောင်းဖြစ်အောင် တည်ဆောက်ပြီး ရိုက်ကူးမှသာ ပရိသတ်ကို ချပြနိုင်မှာဖြစ်တဲ့အပြင် ရုံတင်ခွင့်လည်း ရရှိမှာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

”အခုနောက်ပိုင်း ရုံတင်ခွင့်ရဖို့ဆိုတာက ရုံရှင်ဘက်ကလည်း ကြိုက်ရမယ်၊ ကိုယ်တွေအကြိုက်လည်း ဖြစ်ရမယ်။ ပရိသတ်လည်းကြိုက်တဲ့ ဇာတ်ကားဖြစ်ရမယ်။ အဲဒါမှ ရုံတင်ခွင့်ရမှာ ဖြစ်တယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားပေါင်း နှစ်ရာကျော်က ရုံတင်ပြသခွင့်ရဖို့ စောင့်နေတယ်။ အဲဒါအပြင်ကို အခုနှစ်မှာ ဆင်ဆာထပ်ရတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းဟာလည်း ၆ဝ ကျော်အထိ ရှိနေပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကိုလည်း အကုန် လုံး ညှိနှိုင်းစုပေါင်းပြီးတော့ ဖြေ ရှင်းကြရမှာဖြစ်ပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့လည်း ဇာတ်ကားကောင်းတွေ ရိုက်ဖို့ လိုအပ်မှာပေါ့။ အခုအန်တီတို့ဆိုရင် လည်း နောက်ထပ်တစ်ကားရိုက်ဖို့အတွက်ကို သေချာပြင်ဆင်တယ် ဇာတ်ကားကွာလတီ အတွက်ပါ”လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here