သားလေး နဲ့ သမီးလေး တို့ရဲ့ ၀ါသနာကို သရုပ်ဆောင် ပြေတီဦး ပြောပြ

0
1085

သရုပ်ဆောင်ပြေတီဦးကတော့ လက်ရှိရုံတင်ပြသလျက်ရှိတဲ့ ‘စိန်ယောက်မ’ ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်စတဲ့ သရုပ်ဆောင်တွေနဲ့ အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ သူ့ရဲ့ သရုပ် ဆောင်မှုနဲ့ပတ်သက်ပြီး သရုပ်ဆောင်ပြေတီဦးက ပြောပြရာမှာတော့…

”စိန်ယောက်မရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်ကတော့ မိဘနှစ်ပါးစလုံးမရှိတော့ဘဲ အစ်မနှစ်ယောက်နဲ့ နေရတယ်။ ကြီးတော်ကတော့ ဒေါ်နွဲ့နွဲ့စန်းပေါ့။ အစ်မနှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာ နေရသူ ဖြစ်တယ်။ အစ်မတွေက မောင်ကို သိပ်ချစ်တဲ့အခါကျတော့ ဘယ်သူနဲ့မှ သဘောမတူဘူးပေါ့။ အဲဒီလို ပုံစံမျိုးလေးပါ။ အခြောက်ပုံစံလေး နည်းနည်းပါတာပါ။ ယောက်ျားတွေကို စိတ်ဝင်စားတဲ့ ပုံစံလေး တွေပေါ့။ အဲဒါလေးကို ဘယ်လိုလုပ်မလဲစဉ်းစားပြီးတော့ ဒါရိုက်တာနဲ့တိုင်ပင်ပြီး အဆင်ပြေ အောင် လုပ်လိုက်တာပါ” လို့သူကပြောပြခဲ့ပါတယ်။

သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စရာ မိသားစုတစ်စုကိုလည်း ပိုင်ဆိုင် ထားသူပါ။ ချစ်စရာကလေး နှစ်ယောက်နဲ့ မိသားစုဘဝဖြတ်သန်းမှုအကြောင်းကို လည်း ပြေတီဦးက အခုလိုပြောပြထားပါတယ်။

”ကျွန်တော်က အိမ်ထောင်ဦးစီးဆိုတော့ အလုပ်လုပ်ရတဲ့အပိုင်း တွေလည်း ရှိတာပေါ့။ ကလေးတွေနဲ့ အမြဲတမ်းအတူနေချင်တယ်ဆိုပေမယ့် ကလေးတွေအတွက် ပိုက်ဆံရှာ တဲ့အလုပ်ကိုလည်း တာဝန်ကျေအောင် လုပ်ရတာပေါ့။ ဒီအလုပ်လုပ်နေတဲ့အချိန်ကလွဲရင် ကလေး တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတဲ့အချိန်တွေလည်း အများကြီးရှိပါတယ်။ သားနဲ့သမီးနဲ့ကတော့ မတူပါ ဘူး။ သမီးကကျ တော့အနေနည်းနည်းတည်ကြည် တယ်။ အေးအေးဆေးဆေးနေတယ်။ သားသားက တော့ တီတီတာတာပြောတတ်တယ်။ ဖုန်းဆက်ပြီဆိုရင် ဖေဖေဘယ်ရောက်နေပြီလဲ၊ ဖေဖေ ပြန်လာခဲ့ တော့နော် ဆိုတာမျိုးတွေပြောတတ်တယ်။ သမီးလေးက မိန်းကလေးဖြစ်ပြီး သားပြောသလိုမျိုး သိပ် မပြောတတ်ဘူး။ သားသားနဲ့ကတော့ အမြဲနပန်းလုံးတယ်။ သူ့ ကြွက်သားလေးတွေ သန်မာလာအောင် ပေါ့။ ပြီးတော့ သားကိုဖမ်းထားလို့ရှိရင် သူ့အစ်မက လာကယ်တယ်။ မမသုသု၊ သားကို ကယ်ပါဦးဆိုရင် အစ်မက ကျွန်တော့်လက်တွေ ကို ဆွဲဖြုတ်။ လွတ်သွားပြန်ရော။ သုသုကို တစ်ခါပြန်ဖမ်းရင်သား သားဖိုးဓီက လာကယ်ပြန်ရော။ သူတို့မောင်နှမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကူညီတဲ့စိတ်လည်းဖြစ်တာပေါ့” လို့ ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး ပြေတီဦးကို သားလေးနဲ့ သမီးလေးမှာ ဘယ်သူကများ အနုပညာဝါသနာပါတာ တွေ့သလဲ လို့ မေးမြန်းတော့…

”သားလေးဖိုးဓီကတော့ အားကစားဘက်မှာ ဝါသနာပါတယ်။ ဘောလုံးကန်တာရော၊ တင်းနစ်ရိုက်တာလည်း သူရိုက်တတ်တယ်။ ဂေါက်ရိုက်ဆိုလည်း ရိုက်လိုက်ရင် ဂေါက်သီးက ထွက်တယ်။ အဖေလို အားကစားဝါသနာပါတာ တွေ့ရတော့ ပျော်ပါတယ်။ သုသုကတော့ အားကစားကို ဖိုးဓီလောက် ဝါသနာ မပါဘူး။ သုသုကတော့ ငယ်ငယ်တုန်းက သီချင်းဆိုတယ်။ ခုနောက်ပိုင်း တော့ ပန်းချီဆွဲတာကို ပိုဝါသနာပါ တာတွေ့ရတယ်။ အနုပညာနဲ့ ပတ်သက်ရင် သရုပ်ဆောင်ပိုင်း ဝါသနာပါတာတော့ ခုချိန်ထိ မတွေ့သေးပါ ဘူး” လို့ ပြေတီဦးက ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here