ရိုးရိုးသားသားလေးပါ ဆိုပေမယ့်
ဘီလူးဆိုင်းနဲ့ ဆိုမှတော့
ဘီလူးအကပဲပေါ့။
ဘယ်လောက်ပဲ ကွယ်ဝှက် ကွယ်ဝှက်
ဝက်ဝက်ကွဲသွားတဲ့
အရှက်တရားအတွက်
နားလည်ပေးစေချင်မှုများဟာ
ကမ္ဘာခြားသွားတဲ့
ပျော်ရွှင်မှုလေးတွေပဲ
စိတ်မည်းစိတ်ညစ်တွေကို
ဘယ်သူ တံခါးဖွင့်ပေးလိုက်တာလဲ။
လေဆိုးလေယုတ်တွေကို
ဘယ်သူ လမ်းပြပေးလိုက်တာလဲ။
ငါတကော ကောမှုများကို
ဘယ်သူ အရောင်ပံ့ပိုးပေးလိုက်တာလဲ။
မှားပစ်လိုက်တာနဲ့ပဲ
အမှန်တရားဟာ
သေသေချာချာ ရောက်လာမှာလား။
ဘာမျှ မမြင်တော့ဘူး
ဘာမျှ မမြင်နိုင်တော့ဘူး
ဘာမျှ လည်း မြင်မပေးနိုင်တော့ဘူး။
အဲဒီယုံကြည်ပေးလိုက်မှုလေးဟာ
မြင်ကြည့်လိုက်ရမှာတွေကို အဝေးပို့ပြီး
မျက်စိကို စုံမှိတ်ပစ်လိုက်ခြင်း
သက်သက်တစ်ခုသာပဲ။
ကိုယ့်ကိုယ်ကိုယ်
ပိုချစ်နေတဲ့အရိပ်တွေနဲ့
ပြီးတော့
ကိုယ့်လိပ်ပြာကို ကိုယ်ကိုယ်တိုင်
နင်းခြေမှုတွေနဲ့ မြင်နေပေမယ့်လည်း
အကန်းလို အရိပ်တွေနဲ့ . . .။
မင်းခဟိဏ်း