ရွှေအလေးချိန် ၂၄ ကျပ်သားရှိတဲ့ ရွှေ ပခုံးတပ်ပြီး ကပြမယ့် တင်မောင်ဆန်းဝင်း

0
271

တင်မောင်ဆန်းမင်းဝင်းက ရွှေ ၂၄ ကျပ်သား၊ ကျပ်သိန်း၂ဝဝ နီးပါး တန် ဖိုးရှိတဲ့ ရွှေပခုံးတစ်ခုကို သူ့ဘဝရဲ့ အမှတ်တရအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ရွှေပခုံးကို ပြုလုပ်နေ တာကတော့ တစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး ချမ်းသာလွန်းလို့ ဒီရွှေပခုံးကို ပြုလုပ်ခဲ့တာ မဟုတ်ပါဘူးလို့လည်း တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

”သဘင်နဲ့ ပတ်သက်ပြီး အမှတ်တရတွေ ရှိစေချင်တယ်လေ။ ရွက်ထည်ရုံပွဲတို့ မျှော်စင်ကျွန်းပွဲတို့ ရွှေပခုံးတို့ဆိုပြီး ရှိချင်လို့ပါ။ ရွှေပခုံးဆိုတာက ဘိုးဘိုးတို့လက်ထက် ကတည်းက လုပ်ခဲ့ကြတာပါ။ ဘိုးဘိုးတို့ ကို လိုက်တုပြီးလုပ်တာမျိုးတော့ မဟုတ်ပါဘူး။ ဖေဖေတို့၊ ဘဘတို့လည်း လုပ်ပါတယ်။ မျိုးရိုးစဉ်ဆက်လုပ်ကြတာပါ။ ဒါကြောင့် မျိုးရိုးစဉ်ဆက် လိုဂိုလေးတစ်ခုယူလိုက်တာပါ။ ကျွန်တော်ရတဲ့ အနုပညာကြေး လေးတွေကို စုပြီးတော့ လုပ်တာပါ။ ဘိုးဘိုးပုံတွေကို အမြဲကြည့်တယ်လေ။ ကြည့် တော့ ဘာပဲပြောင်းသွားပြောင်းသွား အင်္ကျီအဖြူနဲ့ ရွှေပခုံးကတော့ ဘယ်တော့မှ မပြောင်းဘူး”လို့ ရွှေပခုံး လုပ်ဖြစ်ခြင်းနဲ့ပတ်သက်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ သူက ဒီရွှေပခုံးဝတ်ပြီးလည်း ဇာတ်ခုံပေါ်မှာ ကပြဖို့ရှိပါတယ်လို့ ဆိုပါတယ်။

”အရင်တုန်းကတော့ မင်းသားကြီးတွေက ရွှေပခုံးတပ်ပြီးရင် အခန့်တွေ ကကြတာလေ။ ဖေဖေတို့ လက်ထက်တောင် ရွှေပခုံးတပ်ပြီး နရီဆိုပြီးရင် ရိုးရိုးပခုံးပြန်တပ်တယ်လို့ ပြောတယ်။ ကျွန်တော်လည်း အဲဒီလိုပဲလုပ်ဖို့ စီစဉ်ထားပါ တယ်။ ဒီရွှေပခုံးက အခန့်တွေ ကဖို့အတွက် လုပ်ထားတာပါ”လို့ ရွှေပုခုံးတပ်ပြီး ကပြဖြစ်မယ့်အကြောင်းနဲ့ ပတ်သက်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ လက်ရှိမှာတော့ တင်မောင်ဆန်းမင်းဝင်းက ဇူလိုင်၂၁ ရက်နေ့ မျှော်စင်ကျွန်းမှာ ကပြမယ့် မိုးရာသီအထူး ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here