ကျွန်တော်က အပြင်မှာ အေးအေး ဆေးဆေးလေး နေတတ်တဲ့သူ တစ်ယောက်ဗျ ဒေါင်း

0
222

ဒေါင်းက သူ့ရဲ့ စီနီယာ အနုပညာရှင်တွေဖြစ်တဲ့ ရဲတိုက်၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူ ‘ဒဏ္ဍာ ရီမိုး’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။ ဒေါင်း က ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်း အသွားအလာကို မပြော ပြချင်သေးပေမယ့် သူ့ရဲ့ကာရိုက်တာ ကတော့ အခုဇာတ်ကားထဲမှာ သူဌေးသား၊ ပေကတ်ကတ်ဇာတ်ရုပ် ပုံစံမျိုးလို့ဆိုပါတယ်။

”အဲဒီကာရိုက်တာက ကျွန်တော်နဲ့ မတူတဲ့ကာရိုက်တာ တစ်ခုပေါ့။ အဲဒါကြောင့် ဒီဇာတ်ကားကို လက်ခံဖြစ်တယ်။ ကျွန်တော့်အတွက် စိန်ခေါ်မှုရှိတယ်။ ကျွန်တော်ကအပြင်မှာ အေးအေးဆေးဆေးလေး နေ တတ်တဲ့သူတစ်ယောက်ဗျ။ ဒါပေမဲ့ ဒဏ္ဍာရီမိုး ဇာတ်ကားထဲက ကာရိုက် တာကတော့ အဲဒီလို လုံးဝမဟုတ်ဘူး” လို့ ဒေါင်းက ပြောပြပါတယ်။

ပုဂံမြို့သူ ဇာတ်လမ်းတွဲဟာဆိုရင် ဒေါင်းအတွက် ပထမဦးဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်သလို အချိန်လပေါင်းများစွာ ပေးဆပ်ပြီးတော့ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။

”ပုံဂံမြို့သူ ဇာတ်လမ်းတွဲက ပထမဦးဆုံး ရိုက်ကူးတာပဲ။ ပုဂံမြို့ ဇာတ်လမ်းတွဲဆိုပေမယ့် ရုပ်ရှင်ဇာတ်ကားလိုမျိုးပဲ ကျွန်တော်တို့ ရိုက်ကူး ခဲ့ကြတာပါ။ ဦးမောင် (ဦးကျော်သူ) ကလည်း ရုပ်ရှင်လိုမျိုးပဲ ရိုက်ကူး ခဲ့တာပါ။ ရုပ်သံဇာတ်လမ်းတွဲ စီးရီးလိုက်ကြည့်ရှုနေတဲ့ ပရိသတ် တွေဆီ ကတော့ ဘယ်လိုမျိုး ခံစားချက်ရှိမလဲဆိုတာ ကျွန်တော်တို့ မပြောနိုင် သေးဘူး။ ကျွန်တော်ကိုယ်တိုင်လည်းအသစ်တစ်ယောက်အနေနဲ့ စီးရီးထွက်လာပြီဆိုရင် ကြည့်ရှု ချင်တယ်။စီးရီးနဲ့ ရုပ်ရှင်နဲ့ကတူကို မတူ တာ။ စီးရီးက အပိုင်းတစ်ခုစီမှာ ဆွဲဆောင်မှုတွေရှိမှသာလျှင် ပရိသတ် က ကြိုက်ကြတာဖြစ်တယ်။ ရုပ်ရှင်ကတော့ အဲဒီလိုမျိုးပုံစံ မဟုတ်ပါဘူး။ ဇာတ်ကား တစ်ကားလုံးရဲ့ ဘယ်နေရာဘယ်အပိုင်းမှာ ဘယ်လိုဇာတ် ရှိန်မြှင့်ကြမလဲ။ အဲဒါတွေက ရုပ်ရှင်မှာ မာယာနဲ့ သွားရတာရှိတယ်” လို့ ဒေါင်းက ဆိုပါတယ်။

ဒေါင်းက နောက်ထပ်ဇာတ်လမ်းတွဲ ထပ်ရိုက်ဖြစ်မရိုက်ဖြစ်ဆိုတာက ပုဂံမြို့သူ ဇာတ်လမ်းတွဲ အပေါ် ပရိသတ်စိတ်ဝင်စားမှုကို စောင့်ကြည့် ချင်သေးတယ်လို့ ဆိုပါတယ်။ ဒေါင်း ကလည်း တစ်ခါပြော ထားခဲ့ဖူးပါ တယ်။ အဲဒါကတော့ ဇာတ်လမ်းတွဲကို ပုဂံမြို့သူ ဇာတ်ကားတစ်ကားပဲ ပါဝင်ရိုက်ကူးဖြစ်ဖို့ ရှိမယ်ဆိုတာပါပဲ။

”ကျွန်တော်က ရုပ်ရှင်ပဲရိုက် ကူးချင်တဲ့သူ ဖြစ်တယ်။ ဇာတ်လမ်းတွဲ က ခံစားချက်တွေကအစ တစ်ကိုယ်လုံးကို အဲဒီကာရိုက် တာလိုမျိုး တောက်လျှောက် ထည့်ပြီး ရိုက်ကူးရတာ။ ကိုယ့်ကိုယ်ကိုယ် အဲဒီ လူတစ်ယောက်ဆိုပြီး လေးလ လောက်တောက်လျှောက် ရိုက်ကူး ရတာ ဖြစ်တော့ လေးလကြာတဲ့ အချိန်မှာ အတော်ခံရတယ်။ အဲဒါတစ်ခုကို သိလိုက်ရတဲ့ အချိန်မှာ နည်းနည်းတော့ ကြောက်တယ်။ ဇာတ်လမ်းတွဲက အကြာကြီး ရိုက်ကူးရတာကိုး။ ဒါပေမဲ့လည်း ပရိသတ် အတွက် တစ်ခုခု ရမယ့် ဇာတ်လမ်းတွဲ မျိုးဆိုရင်တော့လည်း ငြင်းနိုင်မယ် မထင်ဘူး” လို့ ဒေါင်းကပြောပြခဲ့ ပါတယ်။

ထက်လူ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here