ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ‘မင်္ဂလာမောင်နှံ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် မော်ဒယ်လ် ထက်ထက်ထွန်း

0
285

မော်ဒယ်လ်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ထက်ထက်ထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား များမှာ ပါဝင်သရုပ်ဆောင်ကာ ဆက်တိုက်ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူက မကြာခင်ရိုက်ကူးတော့မယ့် ‘မင်္ဂလာမောင်နှံ’ ရုပ်ရှင်ဇာတ်ကားမှာ ပြေတီဦး၊ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ ထက်ထက် မိုးဦးစတဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ထက်ထက်ထွန်းက အခုလို ပြောပြခဲ့ပါတယ်။

”ထက် ဇူလိုင်လမှာ ‘မင်္ဂလာမောင်နှံ’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူး ဖို့ရှိပါတယ်။ ကိုခန့်(ခန့်စည်သူ)၊ ကိုပြေတီဦး၊ မကြီးစိုး(စိုးမြတ်သူဇာ)၊ မထက်ထက်မိုးဦးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာပါ။ ကာရိုက်တာကတော့ ကာရာအိုကေဆိုင်က ခပ်ဆိုးဆိုးကောင်မလေး။ ဆေးတွေဘာတွေလည်းစွဲ နေတယ်။ ပျက်စီးနေတဲ့ ကောင်မလေးပေါ့။ ဝါရင့်သရုပ်ဆောင်တွေနဲ့ လက်တွဲပြီး အလုပ်လုပ်ရတာကတော့ အဆင်ပြေမှုရှိပါတယ်။ ထက် က သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင် သင်ဆရာမရှိဘူး။ မြင်ဆရာကြား ဆရာတွေပဲရှိတယ်။ အခုစီနီယာ Actor ကြီးတွေ ကရော၊ ဇာတ်ပို့ ဇာတ်ရံတွေကအစ အချိန်ရရင် ရသလောက် ထက်ကို သင်ပေးကြ တယ်။ ကြိုးစားပြီးတော့ သင်ယူနေပါတယ်” လို့ ပြောပါတယ်။

လက်ရှိ သူမကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးချင်နေတဲ့ ဇာတ်ကောင် စရိုက်တစ်ခုရှိကြောင်းကိုလည်း . . .

”ရိုက်ကူးချင်တဲ့ ဇာတ်ရုပ်မျိုးဆိုရင် ဟောင်ကောင် ဂျက်မကားတွေလို Action ဇာတ်ကားတွေ ရိုက်ကူးချင်တယ်။ ပြီးတော့ ထက်ရဲ့ အပြင်က စရိုက်မျိုးနဲ့ လုံးဝမတူတဲ့ ခပ်ချေချေ ဇာတ်ကောင် စရိုက်မျိုး လုပ်ကြည့်ချင်ပါတယ်” လို့ ထက်ထက်ထွန်းက ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here