နားလည်မှုနဲ့ချစ်ကြတဲ့အချစ်က ဖုံးကွယ်ထားတာမရှိဘူး ဒါရိုက်တာအောင်ကိုလတ်

0
169

အနုပညာမျိုးရိုးထဲမှာ ထူးခြားတဲ့ သားအဖ ၂ ယောက်။ ဖခင်ဖြစ်သူ အောင်ကိုလတ်နဲ့ သားဖြစ်သူ ဟစ်ဟော့ပ် အဆိုတော် J-Me။ အောင် ကိုလတ်ဆိုရင် ဒါရိုက်တာ၊ အဆိုတော်၊ တေးရေး၊ ဇာတ်ညွှန်းစသဖြင့် သူဖန်တီး နေတဲ့ အနုပညာတွေက အများကြီး။ အဲဒီလိုပဲJ-Meဆိုရင်လည်း ဟစ်ဟော့ပ်လောကမှာ စီနီယာတစ် ယောက်။ ဦးအောင်ကိုလတ်က သားဖြစ်သူJ-Meနဲ့ သမီးဖြစ်သူ မီရှဲလ်တို့ ငယ်ငယ်လေးကတည်းက ဂျပန်နိုင်ငံကို ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံဆီ ပြန်ရောက်လာတဲ့ အခါမှာ အနည်းငယ်အရွယ်ရောက်နေတဲ့ သားနဲ့ သမီးကို ရင်းနှီးအောင် ပြန်လည်နေထိုင်ရတာကလည်း ဖခင်ဖြစ်သူ အောင်ကိုလတ်အတွက် အမှတ်တရတစ်ခုပါ။

”ကိုယ့်သားသမီးကို ကိုယ်ပြန်ပြီး ရင်းနှီးအောင်လုပ်ဖို့ ဆိုတာ တော်တော်ခက်တာလေ။ သားနဲ့သမီးက စိမ်းနေတာ ပေါ့နော်။ ဘယ်လိုပေါင်းရသလဲဆိုတော့ ဘော်ဒါလို ပေါင်းရတယ်။ သူတို့တွေကလည်း အဲဒီအချိန်မှာ ဟစ်ဟော့ပ်က စတဲ့အချိန်၊ ကိုယ်က ဟစ်ဟော့ပ်ဆိုတာဘာမှန်းတောင်မသိဘူး။ အဲဒီအချိန်မှာ တဖြည်းဖြည်းနဲ့ကိုယ်ကလည်း ဒါရိုက်တာဖြစ်လာပြီ။ ဒါဆိုမင်း ဟစ်ဟော့ပ် ဆိုမလားလို့ ကိုယ်က သားကို မေးတယ်။ နောက်ပြီွးGood Morning ကြော်ငြာရိုက်မယ်ဆိုတော့ သူက အိုက်တင်တွေ ဘာတွေမလုပ် ချင်ဘူးပြောတယ်။ အဲဒီလိုနဲ့ သူ့ကိုပေါင်းရင်း၊ မြှောက်ပေးရင်းနဲ့ ရင်းနှီးအောင်လုပ်ရတယ်။ အနုပညာမိသားစုဖြစ် တဲ့အတွက် အနုပညာနဲ့စည်းရုံးပြီးတော့ သားအဖတွေက ပြန်ချစ်သွားကြတာပေါ့နော်။ တစ်ယောက်အထာ တစ်ယောက် သဘော ပေါက်တယ်။ အခုဆို သူတို့က ကျွန်တော့်ကို ကောင်းကောင်း နားလည်တယ်။ ကျွန်တော်ကလည်း သူတို့ကို နားလည်တယ်။ အဲဒီလိုမျိုး နားလည်မှုနဲ့ချစ်ကြတဲ့ အချစ်က ဖုံးကွယ်ထားတာ မရှိဘူး။ အဖေနဲ့ သားကြားမှာ၊ အဖေနဲ့ သမီးကြားမှာ Transparency ဖြစ်သွားတာပေါ့နော်” လို့ အောင်ကိုလတ်က ပြောပြပါတယ်။

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ J-Meရဲ့ ‘အမွေစား အမွေခံ’ တေးစီးရီးနဲ့ ပတ်သက်ပြီးလည်း အောင်ကိုလတ် က …

”သူ့ရဲ့ ‘အမွေစား အမွေခံ’ အခွေကိုလည်း သူလုပ်နေတာကြာပြီ။ တစ်ခါတလေ သူပိုက်ဆံပြတ်နေရင် စတူဒီယိုခ ပေးလိုက်တယ်။ သူလည်း ယူချင်သလောက် ယူသွားတယ်။ ကျွန်တော်လည်း ပေးချင်သလောက် ပေးလိုက် တယ်။ တလောကမှ အခွေထွက်တော့မယ်ဆိုပြီးတော့ အားလုံးရှင်းပေးလိုက်တယ်။ အဲဒီတေးစီးရီးက တော်တော်လေး ရောင်းရတယ်။ သူ ပျော်နေတယ်။ ဒီလိုခိုးကူးခေတ်ကြီးမှာ ကျွန်တော့်သားကို တကယ့်အစစ်အမှန်ကိုပဲ လှိုက်လှိုက်လှဲလှဲ အားပေးကြတဲ့ပရိသတ်ကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲပြောပြော ကျွန်တော်တို့ သားအဖကို ဆက်ပြီး အားပေး ကြပါဦး”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here