နိုင်းနိုင်းနဲ့အတူ သရုပ်ဆောင်ရမှာမို့ စိတ်လှုပ်ရှားနေတဲ့ အိန်ဂျယ်လမုန်

0
144

လတ်တလောမှာ ဇာတ်ကားတွေမှာ ဆက်တိုက်ပါဝင်သရုပ်ဆောင်ရိုက်ကူးဖြစ်နေတဲ့ မော်ဒယ်လ်အလှမယ် အိန်ဂျယ်လ မုန်က ဇူလိုင်လထဲမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးရမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားကြောင့် စိတ်လှုပ်ရှားနေပုံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

”အိန်ဂျယ်အခုဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်။ ဒီတစ်ခါ ပါဝင်သရုပ်ဆောင်ရိုက်ကူးရတဲ့ရုပ်ရှင်ဇာတ်ကားကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ တခြားမဟုတ်ဘူး။ ညီမအလွန်ကြိုက်ရတဲ့ မင်းသားကိုနိုင်း နိုင်းနဲ့ စတင်အတူတွဲရိုက်ကူးရမှာမို့လို့ပါ (ရယ်လျက်)။ ကိုနိုင်းနိုင်းကို တအားကြိုက်တယ်။ ငယ်ငယ်ကတည်းက သူ့ဇာတ်ကားတွေကို ကြည့်ခဲ့ရတာ။ ပြီးတော့ ကိုနိုင်းနိုင်းရဲ့ သရုပ်ဆောင်မှုတွေ၊ ဝတ်စားဆင်ယင်မှုတွေ၊ စကားအပြောအဆိုတွေကအစ အကုန် အားကျခဲ့ရတာ။ အဲဒီအချိန်မှာ ကိုနိုင်းနိုင်းက အမေရိကကို ထွက်သွားပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာ။ အဲဒီ အချိန်မှာလည်း ကိုနိုင်းနိုင်းရဲ့ ဇာတ်ကားသစ်တွေကို ကြည့်ရှုချင်မိတယ်။ ပြီးတော့ ကိုနိုင်းနိုင်းအမေရိကကနေ ပြန်လာတော့ သူဗီဒီယိုတွေ ပြန်လည်ရိုက်ကူးတော့ ကျေနပ်မိတယ်။ အခု ကိုနိုင်းနိုင်းတို့နဲ့ ရိုက်ကူးရမှာဆိုတော့ ပျော်လည်း ပျော်တယ်။ ဒါပေမဲ့ ရိုက်ကွင်းရောက်ရင် အခက်အခဲတွေ ဖြစ်မှာတော့ ကျိန်းသေပဲ (ရယ်လျက်)။ ကိုနိုင်းနိုင်းနဲ့အတူ သရုပ်ဆောင်ရမှာက ရင်တုန် တာကတစ်မျိုး၊ ဒိုင်ယာလော့ခ်တွေ မရတော့မှ ရင်တုန်မှာက တစ်မျိုးနဲ့ အမျိုးမျိုးဖြစ်မှာ အသေအချာပဲ။ အဲဒီလောက်ထိ ကိုနိုင်းနိုင်းကို ကြိုက်တာပါ။ ကိုနိုင်းနိုင်းက အိန်ဂျယ့်ရဲ့ ldol တစ်ယောက်ပါ”လို့ အိန်ဂျယ်လမုန်က ပြောပြခဲ့ပါတယ်။

ဇာတ်လမ်းတွေ လာပြီးကမ်းလှမ်းတဲ့အချိန်မှာ အေးအေးဆေးဆေး ဖြစ်တဲ့ ကာရိုက်တာတွေများတဲ့ အတွက် နည်းနည်းလှုပ်လှုပ်ရွရွဖြစ်မယ့် ကာရိုက်တာမျိုးသရုပ်ဆောင်ချင်ကြောင်းကိုလည်း အိန်ဂျယ်လမုန်က …”အိန်ဂျယ်ကို လာငှားကြတဲ့ကာရိုက်တာတွေ တော်တော်များများက အေးအေးဆေးဆေးဖြစ်တဲ့ ကာရိုက်တာတွေများတယ်။ ပြောရ ရင် မိဘစကားနားထောင်တဲ့ သမီး အဲဒီလိုကာရိုက်တာတွေများကြ တယ်။ အိန်ဂျယ့်မျက်နှာကို မြင်တာနဲ့။ အိန်ဂျယ်ကို အေးတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေကတော့ အိန်ဂျယ့်ပုံစံက ဘယ်လိုပုံစံလဲဆိုတာ သိကြပါတယ်။ စကားလည်း အလွန်များ ပြီးတော့ အကုန်လုံးကို စိတ်ဒုက္ခပေးတဲ့ သူများကိစ္စတွေကို လိုက်ရှုပ်တတ်တဲ့ပုံစံမျိုးပါ။ အဲဒီအတွက် ပရိသတ်တွေလည်း အိန်ဂျယ့်ပုံစံကို သိကြမှာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here