အနှစ်သာရပြည့်ဝတဲ့ ရုပ်ရှင်နှစ်တစ်ရာပြည့်ပွဲတော်ကြီးဖြစ်အောင် ကြိုးစားသွားမယ့် ဥက္ကဋ္ဌ ဦးဇင်ဝိုင်း

0
202

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်း ဦးဆောင်ပြီးရုပ်ရှင်အမှုဆောင်များနဲ့ ရုပ်ရှင်အတတ်ပညာ ရှင်၊ အနုပညာရှင်နဲ့ စာပေပညာရှင်တွေပါဝင်တဲ့ အကယ်ဒမီစည်းမျဉ်းစည်းကမ်း ကော်မတီ အဖွဲ့ဝင်တွေဟာ ၂၀၁၇ ခုနှစ် အကယ်ဒမီ ဆုပေးအပ်နိုင်ရေးအတွက် အကယ်ဒမီဆုစည်းမျဉ်းစည်းကမ်းတွေကို ပြုပြင်ရေးဆွဲ လျက်ရှိနေပြီဖြစ်ပါတယ်။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကတော့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး” မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ ၂၀၁၃ ခုနှစ်ကတည်းက အကယ်ဒမီကို စတင်ချီးမြှင့်ခဲ့ပါတယ်။ ပြောရရင် စံချိန်စံနှုန်း ပိုင်းဆိုင်ရာမှာ နိုင်ငံတော်ကပေးအပ်စဉ်ကတည်းက အားနည်းမှုတွေရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးကပေးအပ်မယ်ဆိုကတည်းကလည်း စံချိန်စံနှုန်းပိုင်းဆိုင်ရာကို ပြုပြင်ရေးဆွဲခဲ့တာရှိပါတယ်။ အားကြိုး မာန်တက်နဲ့ပဲ ရေးဆွဲခဲ့ကြတာပါ။ သို့သော် ၂၀၁၇ ခုနှစ် ဒီဇင် ဘာလတုန်းက ကျင်းပခဲ့တဲ့ ရုပ်ရှင်ညီလာခံမှာ အကယ်ဒမီနဲ့ပတ်သက်ပြီး အကြံပြုချက်တွေ ၁၅ ချက်လောက်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအရာတွေကို ကျွန် တော်တို့ကကော်မတီဖွဲ့ပြီး ပြန်လုပ်မှရမှာပါ။

၂၀၁၇ ခုနှစ်အထိ အကယ်ဒမီအထိကိုတော့ အရင်စည်းမျဉ်း အတိုင်းပဲ ပေးအပ်မယ်လို့ လောကသားတွေကို ပြောခဲ့ တယ်။ ၂၀၁၈ ခုနှစ်မှာတော့ စံချိန်စံနှုန်းစည်းမျဉ်းများ ကို ပြန်လည်ရေးဆွဲရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပါတယ်။ ရုပ်ရှင်အစည်းအရုံး နာယကကြီးတွေဖြစ်တဲ့ ဦးကြည်စိုးထွန်း၊ ဦးနှင်းမိုး၊ ဦးပန်းချီစိုးမိုးတို့က တာဝန်ယူထားကြပါတယ်။ ကျန်တာကတော့ ရုပ်ရှင်အမှု ဆောင်တွေ၊ ၂၀၁၇ ခုနှစ်တုန်းက အကဲဖြတ်အဖွဲ့ဝင် ၃၅ ဦးပါဝင်ပါတယ်။ အလွှာအသီးသီးက ပါဝင်ပြီးတော့ စုစုပေါင်း တစ်ရာကျော်နဲ့စုဖွဲ့ထားပါတယ်။ အကဲဖြတ်အမှတ်ပေးဇယားတွေကအစ တိတိ ကျကျဖြစ်အောင် ပြန်လည်ရေးဆွဲနေပါတယ်။ ရုပ်ရှင်ညီလာခံမှာတုန်းက အကယ်ဒမီနဲ့ပတ်သက်ပြီး တင်ပြချက်ဟာ ၁၅ ချက် အထိပဲ ရှိခဲ့ပါတယ်။

ဒါကို ကျွန်တော်တို့က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်လို့ ကော်မတီကို မဖွဲ့စည်းခင် တစ်လအလိုကတည်းက တစ်လတာအချိန်ပေးပြီးတော့မှ လောကသားတွေရဲ့ အကြံပြုချက်တွေကို ထပ်မံရ ယူပါတယ်။ ရယူတဲ့အတိုင်း အကြံပြုလွှာတွေ မြောက်မြားစွာလက်ခံရရှိခဲ့ပါတယ်။ အဲဒီအချက်အလက်တွေပေါ် မှာမူတည်ပြီးတော့ အခုအကယ်ဒမီစည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ပြုပြင်ရေးဆွဲနေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် တစ်ပတ်ချင်းစီမှာ ဆုတစ်ခုစီအတွက် ဆွေးနွေးနေတယ်။ သက်ဆိုင်တဲ့သူတွေ အကုန်လုံးတက်ရောက် ပြီးတော့လည်း ဆွေးနွေးနိုင်ကြပါတယ်” လို့ ပြောပြပေးပါတယ်။ အခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေက လည်း များပြားလာနေတာကြောင့် အကယ်ဒမီရုပ်ရှင်ဇာတ်ကား ဆန်ခါတင်စာရင်းဝင်ဇာတ်ကားတွေကိုသာ အခုနှစ်မှာ ထုတ်ပြန်ပေးသွားဖို့လည်း စီစဉ်နေကြတယ်လို့ ဆိုပါတယ်။

“ဆန်ခါတင်စာရင်းဆိုတာကို ပရိသတ်တွေကလည်း နှစ်စဉ်ထုတ်စေချင်ကြပါတယ်။ ကျွန်တော်တို့ လောကသားတွေအနေနဲ့ကလည်း ထုတ်ပြန်ပေးစေချင်ကြပါတယ်။ ဆန်ခါတင်စာရင်းကို မထုတ်ပြန်ပေး စေလိုတဲ့ သူတွေလည်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကတော့ ဇာတ်ကားနည်းတဲ့အတွက် ကြောင့် ဆန်ခါတင်ထုတ်လိုက်တဲ့အခါ ဇာတ်ကားမကျန်မှာစိုးလို့ ဖြစ်ပါတယ်။ အခုဆိုရင် ဇာတ်ကားတွေဟာ များပြားလာပါပြီ။ မနှစ်ကဆိုရင်ပဲ ၅၃ ကားအထိရှိခဲ့တယ်။ ဒါပေမဲ့ ဆန်ခါတင်စာရင်းကိုတော့ မထုတ်ပြန်ပေးခဲ့ပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဆန်ခါတင်စာရင်းထုတ်ပြန်မယ်ဆိုတဲ့ မူကိုတော့ ချထားပြီးပါပြီ။ ၁၂ ကား(သို့ မဟုတ်) ၁၅ ကား ထုတ်ပြန်ပေးဖို့ရှိမယ်ထင်ပါတယ်။ သို့သော် လည်း ဒါကိုပြန်လည်ဆွေးနွေးပြီးမှသာ အတည်ပြုမှာဖြစ်ပါတယ်။ လက်ရှိအထိတော့ ဆန်ခါ တင်စာရင်းထုတ်ပြန်မယ်ဆိုတဲ့ မူကိုတော့ ချမှတ်ထားပါတယ်”လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

မှီငြမ်းဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ဆက်ပြောပြတာကတော့ “မှီငြမ်းကားတွေနဲ့ ပတ် သက်ပြီး နိုင်ငံတကာဇာတ်ကားတွေကို မှီငြမ်းရိုက်ကူးတဲ့ဇာတ်ကားတွေကို ဇာတ်ကား ဆု၊ ဇာတ်ညွှန်းဆုနဲ့ ဒါရိုက်တာဆုတွေပေးအပ်ခြင်းမရှိပါဘူး။ ကျန်တဲ့ ဆုတွေကို တော့ ချီးမြှင့်ခဲ့တာရှိပါတယ်။ အခုလက်ရှိမှာတော့ အဲဒါနဲ့ပတ်သက်ပြီး တိတိ ကျကျ ပြန်လည်ရေးဆွဲနေပါတယ်”လို့ ဆိုပါတယ်။

လာမယ့် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အတွက် ကြိုတင်ပြင်ဆင်နေတာ တွေနဲ့ပတ်သက်ပြီးတော့လည်း ဦးဇင်ဝိုင်းဆက်လက်ပြောပြပေးတာက တော့ “ရုပ်ရှင်နှစ်တစ်ရာပြည့်ပွဲနဲ့ပတ်သက်ပြီး နာယကကြီးတွေရဲ့ လမ်းပြ ပေးမှုတွေနဲ့ လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ တစ်အချက်အနေနဲ့ နှစ်တစ်ရာပြည့်မတိုင် ခင်ရုပ်ရှင်ဥပဒေကို ပေါ်ထွန်းအောင်လုပ်ဖို့ လို အပ်ပါတယ်။ နှစ်အချက်ကတော့ ဆင်ဆာမူဝါဒပါ။ ဆင်ဆာမူဝါဒပြုပြင် ပြောင်းလဲမှုတွေဖြစ်ဖို့လည်းလိုအပ်ပါတယ်။ နောက်တစ်ခုကတော့ ရုပ် ရှင်ဆိုတာနဲ့ ဗီဒီယိုလည်းပါပါတယ်။ ဗီဒီယိုကိုနှစ်တစ်ရာပြည့်တဲ့အထိ ရှင်သန်ပြီးတော့ ကျွန်တော်တို့ရဲ့ အနုပညာမျိုးဆက်သစ်မွေးထုတ်ပေး နိုင်တဲ့ ကဏ္ဍကြီးတစ်ခု ဖြစ်တဲ့အထိ လုပ်ကြရဦးမှာဖြစ်ပါတယ်။

ပြီး တော့ အကယ်ဒမီနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပိုမိုပြီးပြည့် စုံတဲ့စံချိန်စံနှုန်းတွေဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောထားခဲ့တဲ့ ရုပ်ရှင် စတူဒီယိုတွေ ရုပ်ရှင်သင်တန်းကျောင်းတွေကိစ္စတွေသာ ရုပ်ရှင်နှစ်တစ်ရာမပြည့် ခင်မှာ ပေါ်ထွန်းလာခဲ့မယ်ဆိုရင် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ဟာ တော်တော် လေးအနှစ်သာရရှိရှိ အားအင်ပြည့်ဖြိုးစွာနဲ့ ဆက်လက်ချီတက်သွားလို့ရမယ်လို့ မျှော်လင့်ရပါတယ်”လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here