ဗီဒီယိုလောကပျက်သွားချိန်မှာ တော်တော်များများ ဒုက္ခရောက်တာတွေရှိနေတယ်ဆိုတဲ့ အကယ်ဒမီသရုပ်ဆောင် မြင့်မြတ်

0
367

အကယ်ဒမီ သရုပ်ဆောင်မြင့်မြတ်ဟာ လတ်တလောမှာ ဒါရိုက်တာမီးပွားနဲ့ ဒါရိုက်တာအောင်ဇော်လင်း ရိုက်ကူးမယ့် “အချစ်ဆုံး (Crush) ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မိန်းကလေးတွေ သဘောကျမယ့် စော်ကြည်ဘဲ ကာရိုက်တာကနေ သရုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံ ဖြစ်ပုံကိုလည်း သရုပ်ဆောင်မြင့်မြတ်က…

“ဒီဇာတ်ကားရဲ့ နာမည်ကတော့ အချစ်ဆုံးပါ။ ဒါရိုက်တာက ကိုအောင် ဇော်လင်းပါ။ ကိုအောင်ဇော်လင်းနဲ့ ကျွန်တော် နဲ့က အရင်ကတည်းက ညီအစ်ကိုလိုပါပဲ။ အခုနောက်ပိုင်း သိပ်မဆုံဖြစ်ဘူး။ ဒီဇာတ်ကားကို လက်ခံဖြစ်တဲ့ အချိန်မှ ပြန်ဆုံရတဲ့အတွက်လည်းဝမ်းသာမိပါတယ်။ ဒီ ဇာတ်ကားထဲမှာ ကျွန်တော်သရုပ်ဆောင်ရမယ့် ကာရိုက်တာကတော့ ခပ်ရှင်းရှင်းပြောရရင် စော်ကြည်ဘဲပေါ့ (ရယ်လျက်)။ ဒီဇာတ်ကားမှာ မင်းသမီး ၃ လက်ပါတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဇာတ်ရုပ်မျိုးသရုပ်ဆောင် ရတာပါ”လို့ ပြောပါတယ်။ ဒီနောက်မှာ ဗီဒီယိုဈေးကွက်ပျက်နေတဲ့အချိန်မှာ ဇာတ်ပို့ဇာတ်ရံတွေကို ဘယ်လို မျိုးထောက်ပံ့မှုတွေလုပ်ပေးလဲလို့ မေးကြည့်တဲ့အခါမှာတော့ မြင့်မြတ်က …

“အဲဒါကတော့ ကျွန်တော်တို့ ရုပ်ရှင်ဆိုတာ မိသားစုတစ်ခုပါပဲ။ အဆင်ပြေတဲ့လူရှိတယ်။ အဆင်မပြေတဲ့ လူရှိတယ်။ ပြေတဲ့လူက မပြေတဲ့ လူကိုကြည့်မယ်ဆိုရင်တော့ ဒါပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး တစ်ခုဖြစ်မှာ ပေါ့။ အခုနောက်ပိုင်း ပိုဆိုးသွားတာကတော့ အရင်တုန်းကဆိုရင် ဗီဒီယိုရှိတယ်လေ။ ဗီဒီယို ရှိတော့ ကျွန်တော်တို့ ရုပ်ရှင်လော ကသားတွေ အတော်များများလည်း အဆင်ပြေကြတာပေါ့။ အလုပ်ကများတာကိုး။ ဗီဒီယိုလောကပျက် သွားတဲ့အခါမှာတော့ တော်တော်များများ ဒုက္ခရောက်တာတွေရှိတယ်။ အဓိကကတော့ ဗီဒီယိုလောကပြန်ပြီး ရှင်သန်လာရင်တော့ ကောင်းတာပေါ့”လို့ ပြောပါတယ်။

မကြာခင်မှာလည်း ဇနီးသည်က ကလေးမွေးဖွားတော့မှာဖြစ်တဲ့အတွက် စိတ်ခံစားချက်လေးကကော ဘယ်လိုမျိုးဖြစ်နေလဲလို့ မေးကြည့်တဲ့အခါမှာတော့ မြင့်မြတ်က “နောက်လဩဂုတ်လဆို ကျွန်တော့်ဇနီးက ကလေးမွေးပြီ။ ကိုယ်ဝန်စရှိတုန်းကလည်း ကိုယ်ဝန်ရှိတဲ့အလျောက် ကျွန်တော်တို့ပျော်တယ်။ အခုကမွေးဖို့ တဖြည်းဖြည်းနဲ့ ရက်ကကပ်ကပ်လာပြီ။ မွေးတော့မယ်ဆိုတော့ တအားရင်ခုန်နေပါပြီ။ ဘယ်လိုပုံစံလေး ထွက် လာမလဲပေါ့။ အဲဒါလေးက ကျွန်တော်တို့အတွက် တကယ့်ကိုရင်ခုန်စရာလေးဖြစ်နေတယ်။ သေချာတာက တော့ ကလေးလေးမွေးပြီးသွားရင် အနားကနေတောင် သိပ်ခွာနိုင်မယ်မထင်ဘူး”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here