ငြိမ်းချမ်းရေးတေးသီငှက်အတွက် ပန်းခရမ်းပြာတမ်းချင်း

0
190

ပန်းခရမ်းပြာ၊ သဇင်ည၊ နဒီမင်္ဂလာ စတဲ့သီချင်းတွေရဲ့ ဖန်တီးရှင် ဂီတပညာရှင်ကြီး ဦးရဲလွင်ဟာ ဇူလိုင်လ ၁ဝ ရက်၊ ညနေ ၄ နာရီ ၁ဝမိနစ် က သူချစ်တဲ့ မိသားစု၊ သူချစ်တဲ့ဂီတ၊ သူမြတ်နိုးတန်ဖိုးထားတဲ့ မြန်မာပြည်ကြီးနဲ့ သူအဖြစ်ချင်ဆုံး ရယူချင်ဆုံး ငြိမ်းချမ်းရေး စတာတွေကို အပြီးတိုင်ထားရစ်ကာ နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ ဂီတလောကအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဂီတပညာ ရှင်ကြီးတစ်ဦး ဆုံးရှုံးမှုပါပဲ။ ဦးရဲလွင်ကို ၁၉၄၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်သွားချိန်မှာတော့ အသက် ၇၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ တေးသီချင်း ကောင်းများစွာကို ရေးသားဖန်တီးခဲ့ပြီး သံစဉ်တေးသွားများ ဖန်တီး ဆန်းသစ်တီးခတ်ခဲ့တဲ့ စတီရီယိုခေတ် ဦးရဲ့ ဂီတသမားကြီးလည်း ဖြစ်ပါ တယ်။ ဦးရဲလွင်ကို မိဘနှစ်ပါးဖြစ်တဲ့ ဦးမောင်မောင်နဲ့ဒေါ်ကြိုင်တို့က မွေး ဖွားခဲ့ပြီး မောင်နှမ ၁ဝ ယောက်ရှိပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်ပြီးငယ်စဉ်ကတည်းက ဂစ်တာကို ရူးသွပ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကိုခင်ဝမ်း၊ ခင်မောင်တိုး၊ အဉ္ဇလီမောင်မောင်၊ ကိုနေဝင်းတို့နဲ့အတူ မဇ္စိုမ လှိုင်းတေးဂီတအဖွဲ့ကို တည်ထောင် ခဲ့ပြီး သူက ဘေ့စ်ဂစ်တာသမားတစ်ယောက်အဖြစ် တာဝန်ယူကာ မြန်မာ့ဂီတလောက အနုပညာမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။

ဒီ့နောက်မှာတော့ သူဟာ ကိုသားထွေး၊ ကိုတိုးလွင်(ဥတ္တရအလင်း)တို့နဲ့အတူ ပန်းရဲ့လမ်းအဖွဲ့ကို တည်ထောင်ခဲ့ပြီး နေရာအနှံ့အပြားကို သွားရောက်ကာ တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီး ရရှိတဲ့ငွေကြေးများ ကိုလည်း မြန်မာနိုင်ငံအနှံ့အပြားမှ လိုအပ်တဲ့နေရာ ဒေသတွေဆီသွား ရောက်လှူဒါန်းခဲ့ပါတယ်။ ဦးရဲလွင်ဟာ ငြိမ်းချမ်းရေးအတွက်လည်း မြန်မာပြည်အဝှမ်း သွားရောက်ကာ ဂီတနဲ့ အမြဲမပြတ်လှုံ့ဆော်ပေးခဲ့ပြီး ငြိမ်းချမ်းရေး ပွဲများမှာလည်း အမြဲတမ်း တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

”ကျွန်တော့်စိတ် ကျွန်တော့်မှတ် ဥာဏ် ကျွန်တော့်အသိတရားတွေထဲ မှာ ဦးရဲက ထာဝရရှိနေမှာပါ။ ကျွန်တော်ရိုသေစွာ ရှိခိုးဦးချကန်တော့ရင်း လေးစားစွာ အလေး ပြုလိုက်ပါတယ်။ လမ်းပြပေးခဲ့သမျှ ဦးဆောင်ပေးခဲ့သမျှတို့အတွက် ကျေးဇူးပါ” လို့ တေးရေး၊ တေးဆို ဆောင်းဦးလှိုင်က ဦးရဲလွင်နဲ့ပတ်သက်လို့ ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။ ဦးရဲလွင်က နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဂုဏ်ထူးဆောင်အသင်း သားတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာအသည်းရောဂါ ဝေဒနာနဲ့ ရန်ကုန်မြို့၊ ခုတင် ၅ဝဝ ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူခဲ့ရာကနေ ဇူလိုင်လ ၁ဝ ရက်၊ညနေ ၄ နာရီ ၁ဝ မိနစ်အချိန်က ကွယ်လွန်ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

”အနေရိုးအသွင်ရိုး ဟန်ဆောင်မှုကင်းတဲ့ ဦးရဲပါ။ အင်းစိန် သာယာ ကုန်းလမ်းမှာ အတူနေထိုင်စဉ်ကတည်းက ဘာကိုမှ မက်မောမှုမရှိတဲ့ ဂီတသူရဲ ကောင်း လူမှုရေးပရဟိတသမားကြီး အခြေခံလူတန်းစားတွေအတွက် တိုက်ပွဲဝင်တဲ့ ဦးရဲပါ။ နောက်ဆုံးတွေ့တဲ့အချိန်မှာ သူ့ ဘေးနားက ခုံလေးမှာ ထိုင်ရင်း ဦးရဲ နေကောင်းလားလို့ မေးတဲ့အခါ နေမ ကောင်းဘူး၊ ဟန်ဆောင်နေရပါတယ်လို့ ပြောခဲ့တဲ့ ဦးရဲ။ချစ်ငယ်ကို ဟိုးအရင်ကတည်း က မိငယ်လို့ခေါ်ပြီး ခွန်အားဖြည့်မိ ငယ်ဆိုပြီး စနောက်တတ်တဲ့ ဦးရဲ။တကယ်ကို ဝေးခဲ့ပါပြီ ပန်းခရမ်းပြာ ရယ်။ ဒါပေမဲ့ သူတော်ကောင်းတရားကို ကျင့်သုံးတဲ့ စိတ်နှလုံးသားနူးညံ့ သိမ်မွေ့တဲ့ ဦးရဲ ကောင်းကင်ဘုံမှာ ရောက်နှင့်နေပြီဆိုတာ ကျွန်မ အ ကြွင်းမဲ့ ယုံကြည်ပါတယ်။ ပြုသမျှ ကုသိုလ်အပေါင်းကိုလည်း အမျှ အမျှ အမျှ ပေးဝေပါတယ်”လို့ တေးသံရှင် မေခလာကလည်း ဦးရဲလွင် အတွက် ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။

ဦးရဲလွင်ကို ဇူလိုင်လ ၁၄ ရက်၊ ညနေ ၃နာရီအချိန်ကက ရေဝေး သုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ဂီတနဲ့ ဖော် ဆောင်ခဲ့တဲ့ ဦးရဲလွင် ကိုတော့ မြန်မာပြည်သူတွေ အားလုံးက အမြဲ ထာဝရအမှတ်ရ သတိရ တမ်းတ အောက်မေ့လွမ်းဆွတ်လျက်ရှိ နေကြမှာပါ။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here