ခေါင်းဆောင်မင်းသား အနေနဲ့ သရုပ်ဆောင် ရတာကြောင့် စိုးရိမ်မှုတွေ များနေတဲ့ လွှမ်းပိုင်

0
94

အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှု ရရှိထားတဲ့ လွှမ်းပိုင် ကတော့ ခေါင်းဆောင်မင်းသားအဖြစ် ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ တာဝန်တွေ ပိုကြီးလို့နေမှာပါ။

”ကိုယ်က ဒီဇာတ်ကားမှာ တစ် ယောက်တည်း ခေါင်းဆောင်အနေနဲ့ ပါဝင်ရတာဆိုတော့ စိုးရိမ်မှုတွေကတော့ အများကြီးပေါ့။ ဒီဇာတ်ကား အောင်မြင်ခဲ့သည်ဖြစ်စေ၊ ရှုံးနိမ့်ခဲ့ သည်ဖြစ်စေ လွှမ်းပိုင် သရုပ်ဆောင်တဲ့ ဇာတ်ကားကြီးက မကောင်းဘူး မအောင်မြင်ဘူးဆိုတာ ဖြစ်သွားရင်ဆိုတဲ့ စိုးရိမ်မှုမျိုးတွေ အများကြီးတော့ ရှိတာပေါ့” လို့ လွှမ်းပိုင်က ပြောပါတယ်။

ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားမှာ ရုပ်ရောအသံပါ မြင်တွေ့ရတာဖြစ်တဲ့အတွက် တေးစီရီးတစ်ခွေထွက်ရှိတာထက်ကို ပိုပြီးစိတ်လှုပ်ရှားရင်ခုန်ရတယ်လို့လည်း လွှမ်းပိုင် က ဆိုပါတယ်။ လွှမ်းပိုင်အနေနဲ့ ဂီတဘက်မှာ အောင်မြင်မှုများစွာရရှိထားပေမယ့် ရုပ်ရှင် ဇာတ် ကားရိုက်ကူးမှုနည်းပါးနေတဲ့အတွက် သရုပ်ဆောင်ပိုင်းမှာတော့ အသစ်တစ်ယောက်လို အစိမ်းသက်သက်ဖြစ်လို့ နေတုန်းပါပဲ။

”ဇာတ်ကားတစ်ကားနဲ့ တစ်ကားရိုက်ကူးတာ တအားခြားတယ်လေ။ ‘ငါ့ကို နမ်းတဲ့ မုန်တိုင်း’ ရိုက်ကူးပြီးတော့ ကြားထဲမှာ ခြားသွားတော့ နည်းနည်း စိမ်းသွားပြန်ရော။ သရုပ်ဆောင်တာ ကိုယ့်ကိုယ်ကိုယ် တိုးတက်လာတယ် လို့လည်း မထင်မိဘူး။ ရင်းနှီးသွားတယ်လို့လည်းမထင်မိပါဘူး”လို့ ပြောပါ တယ်။

ပျော်ရွှင်စရာ တက္ကသိုလ် ကျောင်းသားဘဝကို ရရှိခဲ့တဲ့ လွှမ်းပိုင်ကရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့ အခါမှာ သူ့ ကျောင်းသားဘဝနဲ့ နီးစပ်တဲ့ ဇာတ်လမ်းမျိုး ရိုက်ကူးရတဲ့ အတွက် ပျော်စရာကောင်းတယ်လို့ ဆိုပါတယ်။

”တက္ကသိုလ် ကျောင်းသား ကာရိုက်တာက ပေါ့ပေါ့ပါးပါးနဲ့ ပိုပြီးတော့ ဖီးလ်ဝင်တယ်။ ပိုကောင်းတယ် လို့ ခံစားရတယ်။ ဘာလို့လဲဆိုရင် တက္ကသိုလ်ကျောင်းသားက ကျွန်တော်တို့လည်း ကိုယ်တိုင် ဖြတ်သန်း ဖူးတဲ့ကျောင်းသားဘဝမျိုး။ ဒီဇာတ်ကားထဲက ပုံစံမျိုးကလည်း ကျောင်းမှာတုန်းက ကျွန်တော်နေတဲ့ ပုံစံနဲ့ နီးစပ်တယ်။ အခက်အခဲတွေ လည်း တအားမရှိခဲ့ပါဘူး” လို့ လွှမ်းပိုင်က ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here