လှိုင်ဦးမော် ဘဝမှာ မေ့လို့မရတဲ့ နေ့တစ်နေ့

0
296

hlaing-oo-maw

အဆိုတော် လှိုင်ဦးမော်က သူ့ရဲ့တစ်ကိုယ်တော်တေးစီးရီးသစ်ထွက်ရှိဖို့အတွက် စီစဉ်နေတာ ၄ နှစ် ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ ဟာမိုနီပိုင်းတွေပဲကျန်တော့တယ်လို့ သိရပါတယ်။

” တစ်ကိုယ်တော်စီးရီးခွေကို ကျွန်တော် အသံသွင်းနေတာ ၄ နှစ်လောက် ရှိနေပါပြီ။ ဆိုတာတွေတော့ ပြီးသွားပြီ။ ဟာမိုနီပဲကျန်တော့တယ်။ နောက်နှစ် နှစ်ဆန်းပိုင်းထဲမှာမှ ထွက်ဖြစ်မှာပါ။ အကောင်းဆုံးတေးများဆိုတော့လေ။ ထွက်ပြီးတဲ့ စီးရီးတွေထဲက ပရိသတ်ကြိုက်ခဲ့တဲ့ သီချင်းတွေ ရယ်၊ ကျွန်တော်ကြိုက်ခဲ့တဲ့ သီချင်းတွေရယ်၊ ဟို အရင် ကျွန်တော်စဆိုခဲ့တဲ့ တက္ကသိုလ်ကျောင်းခွေ အမှတ်တရထဲက သီချင်းလေးတွေ စုစည်းထားတာပါ” လို့ လှိုင်ဦးမော်က ပြောပြခဲ့ပါတယ်။ ဂီတလောကမှာ ဆယ်စုနှစ်တစ်ခုကျော် အောင်မြင်စွာဖြတ်သန်းခဲ့တဲ့ လှိုင်ဦးမော်က တောင်ကြီးမြို့မှာ နေထိုင်သူ တစ်ဦးဖြစ်ပြီး ကြားကာလတွေမှာ ဂီတနဲ့ အဆက်ပြတ်ခဲ့တဲ့အကြောင်းကိုတော့ လှိုင်ဦးမော်က..

” ကြားကာလမှာ အခက်အခဲ အမျိုးမျိုးရှိတာပေါ့။ ကျွန်တော် တောင်ကြီးမှာနေတာဆိုတော့ တချို့ပွဲတွေ အဆက်အသွယ်ပြတ်သွားတာတွေ၊ လာပြီးမဆိုဖြစ်တာတွေ အများကြီးရှိတာပေါ့” လို့ ပြောပြပါတယ်။ အော်တာနေးတစ်ဂီတကို လမ်းသစ်ဖောက်ခဲ့တဲ့ အဆိုတော် ဒိုးလုံးနဲ့လည်း တစ်မြို့တည်းသား သူငယ်ချင်းတွေဖြစ်တဲ့ လှိုင်ဦးမော်က သူတို့နှစ်ယောက် ဂီတကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြ တာကိုလည်း အမှတ်ရမိကြောင်း ပြောကြားရာမှာတော့..

” ကျွန်တော်တို့တွေက မြူးဇစ်ကိုအတူ လုပ်ခဲ့ကြတာလေ။ တစ်ယောက်နဲ့တစ်ယောက် အခွေနားထောင်တာ၊ စာအုပ်ဖတ်တာကအစ ဖေး ဖေးမမနဲ့ နှစ်ယောက်အတူတူ လုပ်ခဲ့ကြတာဆိုတော့ သူမရှိတဲ့အခါ သီချင်းရေးတိုင်း၊ သီချင်းဆိုတိုင်း ကျွန်တော် သူ့ကို သတိရနေမိတယ်။ သူ့လိုမျိုး Creator ကောင်းတစ်ယောက်လောက် နောက်ပိုင်းမှာ ပေါ်လာစေချင်တယ်။ မြူးဇစ်တွေ ပြောင်းလဲလာတာနဲ့အမျှ မြန်မာပြည်မှာ သူ့လိုမျိုး Creator ကောင်းကောင်းတွေ အများကြီး ရှိလာစေ ချင်တယ်။ သူဆုံးပြီးတော့ သူ့အတွက် ILBC ရှိုးမှာ သီချင်းသွားဆိုပေးခဲ့ရတာက ကျွန်တော့်ဘဝအတွက် မေ့လို့မရတဲ့ နေ့လေးတစ်နေ့ပါ” လို့ သူငယ်ချင်းဖြစ်သူ ဒိုးလုံးကို လွမ်းဆွတ်တမ်းတ အမှတ်ရမိတာတွေကို လှိုင်ဦးမော်က ရင်ဖွင့်ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဂီတလောကမှာ ဆယ်စုနှစ် တစ်ခုကျော် ဖြတ်သန်းခဲ့ပြီး စဉ်ဆက်မပြတ် အားပေးခဲ့ကြတဲ့ သူ့ပရိသတ်ကို ကျေးဇူးရှင်များအဖြစ် မှတ်ယူပြီး ကျေးဇူး အထူးတင်ရှိကြောင်းကိုလည်း လှိုင်ဦးမော်က ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here