လက်ဝှေ့နဲ့ ပတ်သက်တဲ့ ဇာတ်ကားရိုက်ကူးဖို့ယဉ်လက်ဘာတွေ ပြင်ဆင်နေပြီလဲ

0
322

မျိုးဆက်သစ်အနုပညာရှင်တွေထဲမှာ ယဉ်လက်က သိပ်ကိုကြိုးစားတဲ့မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ ကိုယ်ရရှိတဲ့အခွင့်အရေးပေါ်မှာ အ ကောင်းဆုံးအသုံးချတတ်တယ်လို့ဆိုရမှာပါ။ ‘သရာစောထိ’ ရုပ်ရှင် ဇာတ်ကားမှာ သူလုပ်နေကျမဟုတ်တဲ့ ‘နော်ပဲလှော်’ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ဦးသူရ(ဇာဂနာ)ကသရုပ်ဆောင်ခိုင်းခဲ့တယ်။ အောင်မြင်ခဲ့တယ်။ နောက်ပြီး ယဉ်လက်နဲ့ခွဲလို့မရတဲ့ကာရိုက်တာတစ်ခုကိုပြောပါဆို ‘စစ်ကိုမုန်း၍တိုက်ခဲ့သည်’ ဇာတ်လမ်းတွဲထဲက ခင်လေးဆိုတဲ့ ကာရိုက်တာလို့ပြောနိုင်တယ်။

“တော်တော်များများကတောင်မှ သမီးကို ခင်လေးဆိုတဲ့ဇာတ်ရုပ်နဲ့ ‘စစ်ကိုမုန်း၍တိုက်ခဲ့သည်’ ဇာတ် ကားမှာ စပြီးသိသွားတဲ့ ပရိသတ်တွေ အများကြီးရှိတယ်။ အရင်ကတည်းက သိတဲ့ပရိသတ်တွေလည်းရှိတယ်။ ဒါပေမဲ့ ‘စစ်ကိုမုန်း၍တိုက်ခဲ့သည်’ ဇာတ်ကားမှာတော့ ပရိသတ်တွေ ပိုများသွားတယ်ပေါ့နော်။ အဲဒါက တစ်နိုင်ငံလုံးကို လွှင့်တဲ့ဇာတ်ကားလည်း ဖြစ်တယ်။ ပြီးတော့ ခင်လေး ဆိုတဲ့ဇာတ်ရုပ်လေးကလည်း ပရိသတ်ရင်ထဲမှာ ကျန်နေသွားတယ် ပေါ့နော်။ အဲဒီအတွက် ခင်လေးဖြစ် သွားအောင်လို့ သမီးကို ကြိုးစားခွင့်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်သလို ခင်လေးဇာတ်ရုပ်နဲ့ ရင်ထဲမှာရှိပေးသွားကြတဲ့ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ ယဉ်လက်ကပြောပါတယ်။

ပြီးတော့ ယဉ်လက်က စိတ်ကူး ယဉ်သမားတစ်ယောက် မဟုတ် တာသေချာတယ်။ လက်တွေ့ဆောင်ရွက်ရတာ ကိုကြိုက်တဲ့သူက ….

“စိတ်ကူးကတော့ အမြဲယဉ်နေ လို့ရတာပေါ့လေ။ တကယ်လုပ်ရတာတော့ တအားခက်တယ်။ စိတ်ကူးထားတဲ့ အရာဆိုတာထက် သမီးကတော့ သမီးကို ပေးတဲ့အခွင့်အရေးပေါ်မှာ အကောင်းဆုံးကြိုးစားရမယ်ပေါ့။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုပြီးဦးစားပေးရမယ်လေ။ အခုချိန် မှာ ကိုယ်ကဘာမှမဟုတ်ဘူး။ ကြိုး စားမှုလည်းအများကြီးလိုသေးတယ်။ သမီးတကယ်ဖြစ်ချင်တဲ့အတိုင်း ရိုက် ကူးချင်တယ်ဆိုရင်တောင် သမီးဒီပုံစံနဲ့ ရိုက်ကူးလို့မရဘူး။ အများကြီး ကြိုးစားရမယ်။ လောလောဆယ်တော့ ကိုယ့်ကိုပေးတဲ့အခွင့်အရေး ပေါ်မှာပဲ အကောင်းဆုံးလုပ်ဆောင် နေပါတယ်” လို့ ယဉ်လက်က ဆိုပါတယ်။

၂ဝ၁၈ခုနှစ်ထဲမှာ ယဉ်လက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေရုံတင်ပြသဖို့ရှိမလားဆိုတာကိုတော့ ယဉ်လက်က …..

“ဒီနှစ်ထဲမှာကတော့ ‘တည်ကြက်’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသမယ်လို့ထင်တယ်။ ဒါရိုက်တာကတော့ ကိုစတီး(လ်)၊ လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးကနေပေါ့။ ကိုနေတိုး ရယ်၊ ပြီးတော့ မင်းသမီး တွေချည်းပဲ သမီးအပါအဝင်ဆိုရင် ၆ယောက် ပေါ့။ ဒီဇာတ်ကား လေးကလည်း တကယ့်ကို ထူးထူးခြားခြားလေး ဖြစ် မယ်။ တောတွင်း Adventure ဇာတ်ကားမျိုး ဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ် ဇာတ်ကားတွေလည်း ရှိ သေးတယ်။ ရုံတင်တဲ့တန်းစီစနစ်အရ ဘယ်အချိန်တင်မလဲဆိုတာကိုတော့ သေသေချာချာ မသိသေးဘူး။ နောက်ပိုင်းမှာတော့ အဲဒီ လိုမျိုးလေး တွေကို ပိတ်ကားထက်မှာရော၊ တီဗီရှေ့မှာပါ ယဉ်လက်ကို မြင်လာရမှာပါ” လို့ ပြောပါတယ်။

ဖိုက်တင်ခန်းတွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ယဉ်လက်က လက်ရှိအချိန်မှာ လက်ဝှေ့လေ့ကျင့် နေပါ တယ်။ လက်ဝှေ့ကို ဘာကြောင့် လေ့ကျင့်နေတာ လဲဆိုတာကိုတော့ ယဉ်လက်က….

“Online Series သို့မဟုတ် ရုပ်ရှင်ဇာတ်ကားကြီး တစ်ခုခုဖြစ် လိမ့်မယ်။ အဲဒါကတော့ လက်ဝှေ့နဲ့ ပတ်သက်တဲ့ဇာတ်ကားမျိုးလေးပေါ့။ အဲဒီအတွက် သမီးအခုအချိန်ကနေစပြီးတော့ လက်ဝှေ့ကိုသေသေ Train ရမယ်။ အရင်တုန်းကတက်ခဲ့တာက တိုက်ကွမ်ဒို။ တစ်ခုနဲ့တစ်ခုကမတူဘူး။ တစ်ခုခုကို စပြီးတော့ သင်ရ မယ်ဆိုရင်လည်း အစပိုင်းက အလွန် ခက်တယ်။ လက်ဝှေ့ဆိုတာကလည်း သူ့ပုံစံနဲ့သူ၊ Position အနေအထားတွေရှိမယ်။ အဲဒါတွေကို အခြေခံက စပြီးသင်ယူရတာပေါ့နော်။ ဇာတ်ကား ရိုက်ကူးဖို့ကိုလေ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here