ပြေလမ်းပေါ်ကအိမ်ပြန်ချိန်

0
200

တိမ်တွေထဲ အုပ်ဖွဲ့ ပျံ့သွားတဲ့
ငှက်တွေက
တိမ်လိပ်စာ သိကြလား ။

ဆောင်းညအိပ်မက်တွေလို
လမ်းပျောက်နေတဲ့
အသိုက်မဲ့ ငှက်တစ်ကောင်ကို
မြို့လေးက မှတ်မိပါ့မလား ။

ဒုက္ခနဲ့ လုံးချာလည် လိုက်နေတဲ့
ပစ္စုပ္ပန်ကို ပဲ့ကိုင်နေရတာနဲ့ 
အိမ်အပြန်လမ်းတွေ
ကမ္ဘာကြီးတိမ်းစောင်းသလို
ကွေ့ကောက်သွားခဲ့ ။

အတ္တနဲ့ လောဘသားကောင်တွေကို ရှောင်ရှားရင်း
ယောင်ယမ်းပြီး
ရွာချနေရတဲ့ သည်းခံခြင်းတွေမှာ
အထီးကျန်နေ့ ရက်တွေက
တစ်ရာသီပြီးတစ်ရာသီ ။

မျက်ရည်တွေ ကျမိတာပေါ့
ရိုးအလွန်းတဲ့ လှည့်ကွက်တွေထဲ
လိုချင်တာရခဲသလိုမျိုး

ဝေးကွာခြင်း ဥပေက္ခာတွေ
ဆိုက်ရောက်လာချိန်ဆို
နှုတ်ဆိတ်ဆွံ့အခြင်း အခန်းကျဉ်းထဲမှာ
ဖြေသာတာက အဆုပ်လိုက်
ငိုလို့ ရတာ
အထီးကျန်ခြင်း သောကတွေ
ဟည်းထနေခဲ့လို့  ။

ဒီလိုနဲ့ 
စိတ်ကောက်နေတဲ့ အိမ်ကို လွမ်းရင်း
တကယ် မျက်ရည်တွေကျခဲ့တာပါ အမေ ။

မိုးညဖြူ ( တွံတေး )


LEAVE A REPLY

Please enter your comment!
Please enter your name here