‘ဇာတိမြေ’ ရုပ်ရှင် ဇာတ်ကား အွန်လိုင်းမှာ ပျံ့နှံ့မှု အတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ဘယ်လို ဆောင်ရွက် သွားမလဲ

0
267

 

 

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက် ကူးပြီး ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည်တို့ပါ ဝင်သရုပ်ဆောင်ထားတဲ့ ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြသခြင်း မပြုရသေးခင်မှာပဲ အွန်လိုင်းမှာ ဇာတ်ကားတစ်ကားလုံး ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီလိုပျံ့နှံ့ခဲ့တာနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားဖို့ရှိမလဲဆိုတဲ့အကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို မေးမြန်း ကြည့်တဲ့အခါမှာတော့ …

”ရုပ်ရှင်အစည်းအရုံးအနေနဲ့ လုပ်ဆောင်ပေးနိုင်တာကတော့ တစ်အချက် အွန်လိုင်းမှာ တက်လာလာချင်း ကျွန်တော်တို့ဆီကနေ ပညာရှင်များ ပါဝင်တဲ့အဖွဲ့ကနေ ဖြုတ်ချပေး နေပါတယ်။ နောက်တစ်ချက် ကတော့အွန်လိုင်းတင်တဲ့သူကို ကာယကံရှင်ဘက်ကနေ ဥပဒေအရ အမှုဖွင့် အရေးယူချင်တယ်ဆိုရင်ကျွန်တော် တို့ရုပ်ရှင်အစည်းအရုံးက တတ်နိုင်သမျှ ဝိုင်းဝန်းပြီး ကူညီပံ့ပိုးလုပ် ဆောင်ပေးနေပါတယ်။ ရှေ့မှာကတော့ အွန်လိုင်းမှာ ပျံ့သွားတာက ‘ကျွန်မကနှင်းဆီပါမောင်’ ရုပ်ရှင်ဇာတ်ကားရှိတယ်။ နောက်ပြီး ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ်ကား ရှိပါတယ်။ အဲဒီနောက်မှာမှ ‘ဇာတိမြေ’ဇာတ်ကားပျံ့နှံ့လာတာဖြစ်ပါတယ်။ ‘ဥပါယ်တံမျဉ်’ တုန်းကဆိုလည်း အွန် လိုင်းမှာ ပျံ့နှံ့သွားတဲ့အခါ ရုပ်ရှင်အစည်းအရုံးအနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သတင်းပို့တယ်။ ပြီးတော့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တယ်။ အခုဆိုရင် စီအိုင်ဒီကနေ ဒီအမှုကို ဆက်လက် စုံစမ်းနေပါတယ်။ ‘ဇာတိ မြေ’ ဇာတ်ကား ပျံ့နှံ့မှုကိုလည်း ဒီအတိုင်းပဲ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခြင်းမပြုရသေးခင်မှာပဲ အွန်လိုင်းမှာ ပျံ့နှံ့သွားတဲ့အခါ ထုတ် လုပ်သူတွေနဲ့တကွ ဖန်တီးသူ၊ ပါဝင် သရုပ်ဆောင်သူ အနုပညာရှင်တွေ အနေနဲ့လည်း နစ်နာမှုတွေ ရှိနေပါတယ်။ အဲဒါကြောင့် ဒီလိုမျိုး ပျံ့နှံ့မှုတွေ နောက်ထပ် ဖြစ်လာအောင် ဘယ်လိုတားဆီးကာကွယ်မှုတွေ လုပ်ကြမလဲ ဆိုတာကိုတော့ ဦးဇင်ဝိုင်းက အခုလို ဆက်လက်ပြောပြပါတယ်။”ဒါက ပြောမယ်ဆိုရင် နည်းပညာပိုင်းဆိုင်ရာကိစ္စတွေ ဖြစ်နေပါ တယ်။ အဲဒါကြောင့် ဒီလိုမျိုး နောက်ထပ်ဖြစ်မလာအောင်လုပ်ဖို့ဆိုတာကတော့ အလွန်ခက်ခဲပါတယ်။ ဘယ်နေရာ ကနေစပျံ့သလဲဆိုတာကလည်း ဆက်လက်စုံစမ်းစစ်ဆေးရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ နောက်ပြီး ပျံ့နှံ့တဲ့ ပုံစံချင်းကလည်း မတူကြပါဘူး။ ‘ကျွန်မက နှင်းဆီပါမောင်’ ဇာတ်ကားတုန်းကတော့ ရုံတင်ပြီး နှစ်ရက်အကြာမှာ အွန်လိုင်းမှာ ပျံ့နှံ့သွားခြင်း ဖြစ်ပါတယ်။ ‘ဥပါယ်တံမျဉ်’တုန်းကတော့ ရုံတင်ပြသပြီး လပိုင်းအကြာမှာ ပျံ့နှံ့ခြင်းဖြစ်ပါတယ်။ အခု ‘ဇာတိမြေ’ ဇာတ်ကားကကျတော့ ရုံမတင်ခင်မှာကို ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့တာချင်း တူပေမယ့် ပုံစံချင်း မတူပါဘူး။ ဒီအတွက် ဖြစ်စဉ်တစ်ခုချင်းစီမှာ သီးခြားစီ ဆောင်ရွက်ရတာဖြစ်ပါတယ်”လို့ ဦးဇင်ဝိုင်းကပြောပါတယ်။

လက်ရှိမှာတော့ ဒီလိုမျိုး အွန်လိုင်းမှာ ပျံ့နှံ့မှုဖြစ်စဉ်တွေအတွက် မူပိုင်ခွင့်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေစတာတွေနဲ့သာ အမှုဖွင့်အရေးယူ နေရတာဖြစ်ပြီး ရုပ်ရှင် ဥပဒေပေါ်ထွက်လာပြီးရင်တော့ ရုပ်ရှင်ဥပဒေနဲ့ ထိထိရောက်ရောက် ရောက် အရေးယူဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။ ရုပ်ရှင် ဇာတ်ကားတစ်ကားကို မူပိုင်ခွင့် ပိုင်ဆိုင်ခွင့် မရှိဘဲ ပိုင်ဆိုင်ခွင့်ရှိသူရဲ့ ခွင့်ပြုချက်မရဘဲ ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းချခြင်း၊ အွန်လိုင်းမှာ လွှင့် တင်ခြင်းစတာတွေ ပြုလုပ်သူကို ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိနဲ့ ဒဏ်ငွေ သိန်း ၅ဝအထိ ပြစ်ဒဏ်ချ မှတ်နိုင်မယ့် ရုပ်ရှင်ဥပဒေကို လက်ရှိမှာ မူကြမ်း ရေးဆွဲပြီးဖြစ်ကာမကြာခင်မှာပဲ လွှတ်တော်တင်နိုင်ဖို့ ပြန်ကြားရေးဝန်ကြီး ဌာနတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး တို့ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

စုမွန်


LEAVE A REPLY

Please enter your comment!
Please enter your name here