မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ချစ်သူအဖြစ် လက်တွဲဖြစ်တဲ့အကြောင်းရင်းကိုသရုပ်ဆောင်ပိုးအိအိခန့်ပြောပြ

0
187

သရုပ်ဆောင် ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင် ဘောလုံး သမားအောင်သူတို့ရဲ့ အချစ်ရေးဇာတ်လမ်း ကိုတော့ ပရိသတ်တွေ စိတ်ဝင်စားလို့နေပါတယ်။ သူတို့နှစ်ဦးကတော့ ချစ်သူဖြစ်တာ သိပ်မကြာသေးဘဲ အွန်လိုင်းပေါ်မှာ စကားပြောရင်းက ယုံကြည်မှု ကို တည်ဆောက်နိုင်တဲ့ အတွက် ချစ်သူတွေ ဖြစ်သွားကြတာ ပါလို့ ပိုးအိအိခန့်ကဆိုပါတယ်။ အောင်သူကို ချစ်သူအဖြစ် လက်တွဲ ရတဲ့ အဓိကအကြောင်းရင်းကိုတော့ ပိုးအိအိခန့်က “သူက ရိုးသားတယ်။ ကြိုးစားတယ်။ ဘယ်တော့မှမလိမ်ညာဘူး” လို့ သဘောကျရတဲ့ အချက်ကို ပြောပါတယ်။ မွေးနေ့ရောက်တဲ့အခါ တစ်ယောက်နဲ့ တစ် ယောက်လက်ဆောင်ပေးတတ်ကြတဲ့ သူတို့ချစ်သူနှစ်ဦးမှာတော့ ဘယ်သူ ကမှ Romantic မဆန်တတ်ကြပေမယ့် ပျော်စရာကောင်းတဲ့ Relationshipပါလို့ ပြောပါတယ်။

ပိုးအိအိခန့်က အရင်တုန်းက ဘောလုံးပွဲတွေကို ကြည့်လေ့ကြည့်ထမရှိပါဘူး။ ချစ်သူကန်တဲ့ ဘောလုံးပွဲတွေကိုပဲ အားပေးဖြစ်ပြီး အပြင်မှာတော့ လူကိုယ်တိုင်လိုက် ပြီးအားမပေးဖြစ်ပေမယ့် တီဗီနဲ့ အွန်လိုင်းတွေပေါ်ကပဲ ကြည့်ပြီး အားပေးဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပရော် ဖက်ရှင်နယ်လုပ်ကိုင်ရတဲ့ အလုပ်အ ကိုင်ချင်းလည်း မတူညီကြတာ ကြောင့်နားလည်မှုကို ဘယ်လိုတည်ဆောက် ထားကြသလဲဆိုတာကိုတော့ ပိုးအိအိခန့်က …

“သူက ညီမကို ပိုပြီး နားလည်ရမှာပေါ့။ ညီမက မင်းသားမင်းသမီး တွေနဲ့ အလုပ်လုပ်ကိုင်ရတာလေ။ သူက နားလည်မှု ရှိပါတယ်။ ကိုယ် ကတော့ သူ့ကို နားလည် ပေးစရာလည်း သိပ်မရှိဘူးလေ။ ဘောလုံးပဲ ကန်တာ ဆိုတော့ ဘာမှထွေထွေထူးထူး နားလည် ပေးစရာမရှိဘူး။ သဝန်တိုတာ မျိုးတွေလည်း မရှိပါဘူး။ သူကအစကတည်းက ညီမ မင်းသမီးဆိုတာ သိတယ်။ လက်ခံပြီးတော့ ချစ်တာဆိုတော့ ဘာမှတော့ ချုပ်ချယ်တာမျိုးတွေ မရှိဘူး။ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှု လေးထားထားပါတယ်”လို့ ပြောပါတယ်။

ပိုးအိအိခန့်က အခုလက်ရှိ မှာ ‘အထက်တန်းစား’ ရုပ်ရှင်ဇာတ်ကားမှာ ဗီလိန် ကာရိုက်တာအနေနဲ့ ပါဝင်သရုပ်ဆောင် ရမှာဖြစ်ပြီး ဒီကာရိုက်တာမျိုးကို ပထမဦးဆုံး သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ငယ်ငယ်လေး ကတည်းက သဘောကျနှစ်သက်ရတဲ့ သရုပ်ဆောင်နေတိုးနဲ့ တွဲဖက် သရုပ် ဆောင်ရမှာ ဖြစ်တာကြောင့် နေတိုးရဲ့ သရုပ်ဆောင်မှုတွေကို အနီးကပ် မြင်တွေ့ခွင့်ရရှိပြီး ပညာသင်ယူခွင့်ရတော့မယ့်အတွက်လည်း ဝမ်းသာ ပျော်ရွှင်ရတယ်လို့ ပြောပါတယ်။

 

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here