၃၄နှစ်ပြည့် မွေးနေ့မှာ ပရိသတ်တွေနဲ့ အတူအလှူအတန်းပြုလုပ်တဲ့ ချစ်သုဝေ

0
386

သရုပ်ဆောင်အဆိုတော် ချစ်သုဝေရဲ့ ၃၄နှစ်ပြည့်မွေးနေ့ အလှူအဖြစ် ရေဘေးသင့်ပြည်သူများအတွက် ဩဂုတ်လ ၁၀ ရက်နေ့ နေ့ လယ် ၁၂ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အလှူငွေ ကျပ် ၁၀ သိန်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ ချစ်သုဝေနဲ့အတူ Ferrovit မိသားစုကလည်း အလှူငွေ ကျပ် ၁၀သိန်း လှူဒါန်းခဲ့ ပါတယ်။ ချစ်သုဝေက အရင်တုန်းကဆိုရင် မွေးနေ့မရောက်ခင် တစ်လအလိုလောက်ကတည်းက မွေးနေ့အတွက် ရင်ခုန်ပြီး ကြိုတင်စီစဉ်တတ်သူပါ။ မိခင်တစ်ယောက် ဖြစ်လာတဲ့အခါမှာတော့ ကိုယ့်မွေးနေ့ဆိုတာကိုလည်း ခေါင်းထဲ သိပ်မရှိတော့ဘဲ သမီးလေးနှစ်ယောက်အတွက်ပဲ အမြဲခေါင်းထဲ ရှိနေတယ်လို့ ဆိုပါတယ်။ မွေးနေ့မှာ ခင်ပွန်းဖြစ်သူဆီက စန္ဒရားအဖြူလေး လက်ဆောင်ရရှိခဲ့တဲ့ ချစ်သုဝေက –

“မွေးနေ့ မတိုင်ခင်ကတည်းက သဲသဲကို ဘာပေးမှာလဲဆိုတော့ ကိုလင်းက တန်ဖိုးဖြတ်မရတာတစ်ခုပေးမယ်။ ဒါပေမဲ့ တန်ဖိုးထားတတ်မှ ရမယ်တဲ့။ နှစ်တိုင်းသူက စကားကတိတွေ ပေးတာကိုး။ ဒါပေမဲ့ မွေးနေ့ မတိုင်မီညကတော့ စန္ဒရားအဖြူလေး လက်ဆောင်ပေးတယ်။ အစ်မက စန္ဒရားလည်း မတီးတတ် ဘူး။ စငညေသ ဆိုလို့ ရောင်စုံဘောလုံးတစ်ပုဒ်ပဲ တီးတတ်တယ်။ သမီးလေးတွေ လည်း သင်ရမယ်။ အစ်မလည်း စသင်ရမယ်ဆိုပြီး စန္ဒရား လက်ဆောင်ပေး တယ်။ ပျော်တာ တစ်ဝက်တာဝန်ကြီးတာတစ်ဝက်ပေါ့” လို့ ပြောပါတယ်။

We Love Chit Thu Waiအဖွဲ့ က ဩဂုတ်လ ၁၀ရက်နေ့မှာ ကျရောက် တဲ့ ချစ်သုဝေရဲ့မွေးနေ့ အလှူအဖြစ် သုခရိပ်မြုံဂေဟာမှာရှိတဲ့ ကလေးများ အတွက် မုန့်များ၊ အချိုရည်များနဲ့ လိုအပ်တဲ့ပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။ ချစ်သုဝေက ပရိသတ်တွေ ပြုလုပ်ပေးတဲ့ ပရဟိတ အလှူလေးကို လာရောက်ခဲ့ ပြီး ကလေးများအတွက် လိုအပ်တဲ့ ပစ္စည်းများလည်း လှူဒါန်းကာ မွေးနေ့ကိတ် ခွဲခဲ့ပါတယ်။We Love အဖွဲ့က သူ့ရဲ့မိသားစုလေးလိုဖြစ်နေပြီး ပရိသတ်တွေနဲ့ အတူ လှူဒါန်းရတဲ့အတွက်လည်း ပီတိဖြစ်ရတယ်လို့ ချစ်သုဝေက ဆိုပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို ခဏနား ထားတဲ့ ချစ်သုဝေက ဒီလထဲမှာတော့ ပြန်လည်ကျန်းမာလာပြီဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လည် လုပ်ဆောင်နေပါပြီ။

“ဇာတ်ကားတွေပဲ ဆက်ရိုက်ကူးနေမယ်ဆိုရင်တော့ မျှပြီးလုပ်နိုင်မှာမဟုတ် ဘူး။ ဇာတ်ကားရိုက်ကူးမှုတွေက အချိန်ပေးရတယ်။ စိတ်တွေလည်း နှစ်ထား ရတာကိုး။ သရုပ်ဆောင်အလုပ်တွေကို ခဏစွန့်လွှတ်လိုက်တော့ ကြော်ငြာရိုက် ကူးမှုတွေရှိတယ်။ သီချင်းဆိုတာလေးတွေ ရှိ တယ်။ အားတဲ့အချိန်ကို ညှိနှိုင်း လို့ရတယ်။ သိပ်ပြီး ညှိနှိုင်းစရာမလိုဘူး။ အဖွဲ့လိုက်တွေ လှုပ်ရှားရတာ နည်း တော့လေ။ ရှေ့လက ကျန်းမာရေးမကောင်းတော့ ခဏနားလိုက်တော့ ဒီလမှာ အလုပ်တွေ ပုံသွားတယ်။ အလုပ်ထွက်လုပ်တဲ့ အချိန်ကျရင် အိမ်က အမေ၊ အစ်မနဲ့ ကိုလင်းတို့ ပိုပင်ပန်းတာပေါ့” လို့ မိသားစုတာဝန်တစ်ဖက်၊ အနုပညာ အလုပ်တွေတစ်ဖက်မျှပြီး လုပ်ဆောင်နေတဲ့အကြောင်း ချစ်သုဝေက ပြောပါ တယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here