ဖခင်နာမည် မပျက်အောင် သာမန်ထက်၂ဆပိုကြိုးစားရတဲ့ပိုပိုဟေသာ

0
476

ပင်ကိုက Talent ရှိသလို နာမည်ကြီးတေးရေးဆရာ ဇဝါရဲ့ သမီးလည်း ဖြစ်တဲ့ ပိုပိုဟေသာက “ကမ္ဘာဦးရည်းစား”ဆိုတဲ့ ပထမ တစ်ကိုယ်တော်စီးရီးခွေ ထွက်ရှိထားပြီး သိပ်မကြာသေးခင်အချိန်လေးကမှ “ရှစ်ခွင်တိုင်း”ဆိုတဲ့ ဒုတိယ တစ်ကိုယ် တော်စီးရီးခွေထွက်ရှိထားပါတယ်။ သူ့ရဲ့ အသံလေးရယ်၊ သီချင်း ချိုချိုလေးတွေရယ်ကြောင့် ပိုပိုဟေသာဆိုပြီးဖြစ်လာတာလို့ဆိုရမှာဖြစ်သလို တေးရေးဇဝါရဲ့ သမီးလေးဆိုတာကိုလည်း မေ့ထားလို့ မရဘူးလေ။ ပိုပိုဟေသာ ကတော့ ဖခင်ဖြစ်သူ မျက်နှာမပျက်ရလေအောင် ပိုကြိုးစားရကြောင်း ပြောပါ တယ်။

“ဟေသာ့မှာ ဖေဖေရှိနေတယ်။ အနုပညာမျိုးရိုးရှိနေတဲ့အတွက် ဟေသာ့ အတွက် လွယ်ကူသွားတဲ့အရာတွေ အများကြီးရှိပါတယ်။ ဖေဖေရှိလို့လည်း ဟေသာ့အတွက် ပိုပြီးတော့ အားရှိတယ်။ သို့သော် ဒီလောကထဲဝင်ရောက်လာရ တာ လွယ်ကူတယ်ဆိုပေမယ့် ဖေဖေ့နာမည်ပေါ့။ ဟေသာတစ်ခုခု အမှားအယွင်း၊ အချွတ်အချော်ဖြစ်ခဲ့တယ်ဆိုရင် ဖေဖေ့အတွက် ထိခိုက်လာနိုင်တာတွေ အများကြီးရှိပါတယ်။ ဥပမာ-ကိုဇဝါ့သမီးက သီချင်းတောင် ကောင်းကောင်းမသီဆိုနိုင်ဘူးလားဆိုတာမျိုးတွေက Comment တွေ အများကြီးရှိလာနိုင်ပါတယ်။ အဲဒီတော့ ဟေသာတို့ ပိုပြီးတော့ ကြိုးစားရပါတယ်။ ဂီတလောကထဲ ဝင်ရောက်လာရတာ လွယ်ကူပေမယ့် ဆက် ပြီးတော့ ရပ်တည်နိုင်ဖို့ ပိုခက်ခဲတယ်ပေါ့ နော်။ အဲဒီတော့ ပိုကြိုးစားရပါတယ်” လို့ ပိုပိုဟေသာက ပြောပါတယ်။

YUFL မှာ Korean မေဂျာနဲ့ နောက်ဆုံးနှစ်ကျောင်းသူလေးလည်း ဖြစ်နေတော့ ပိုပိုဟေသာက အခု Semester က သူအတွက် သိပ် ကိုအရေးကြီးနေပြီလို့ ဆိုပါတယ်။ စာမေးပွဲဖြေဆိုပြီးတော့မှ MTV တွေ ရိုက်ကူးဖြစ် မယ်လို့ဆိုတဲ့ ပိုပိုဟေသာက…

“ကျောင်းပြီးတာနဲ့ ဟေသာ့ရဲ့ MTV ပေါ့ နော်။ ပထမအခွေနဲ့ ဒုတိယအခွေကို စုပေါင်းပြီးတော့ ပဲဖြစ်ဖြစ်၊ ဒါမှ မဟုတ်လည်း တစ်ပုဒ်ချင်းစီကို ရိုက်ကူးပြီးတင်တာ ပဲဖြစ်ဖြစ် အဲဒီလို လုပ်ဖို့ အစီအစဉ်ရှိပါ တယ်။ ဟေသာ အခု အဆင် မပြေဖြစ်နေ တာက ဟေသာ့ အတွက်က ကျောင်း ပေါ့နော်။ ဟေသာ အခုတက်ရောက် ပညာသင် ယူနေတာ နောက်ဆုံးနှစ်ပါ။ စာမေးပွဲ ဖြေဆိုပြီးသွားရင် ဘွဲ့ရတော့မှာပါ။ ဒီအတွက် ကို ပိုပြီးအားထုတ် ဖြစ်နေ ပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here