တစ်ကိုယ်တော်စီးရီးခွေထွက်ဖို့ ပြင်ဆင်နေတဲ့ စည်သူလွင်

0
278

si

ဂီတလောကမှာ ဆယ်စုနှစ် နှစ်စုကျော်ကြာ အောင်မြင်စွာ ဖြတ်သန်းခဲ့တဲ့ အဆိုတော် စည်သူလွင်က နိုဝင်ဘာလမှာ အေးချမ်းမေနဲ့ ရှိုးပွဲတစ်ခုပြုလုပ်ဖို့ရှိပြီး မန္တလေးမှာ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

” ကျွန်တော်နဲ့ အေးချမ်းမေနဲ့ ၁၁ လပိုင်းမှာ ပွဲလေးတစ်ခု မန္တလေးမှာလုပ်ဖို့ရှိပါတယ်။ ပွဲခေါင်းစဉ်ကိုတော့ အရင်ထွက်ရှိခဲ့တဲ့ “တို့မဝေးဘူး” လို့ ပေး ထားပါတယ်” လို့ စည်သူလွင်က ပြောပြပါတယ်။ လက်ရှိအချိန်မှာတော့ ဂီတနဲ့ ရုပ်ရှင်ဗီဒီယိုလောကမှာ ခိုးကူးဂရက်ကြောင့် အနုပညာရှင်တွေရဲ့ ခိုးကူးခွေဒဏ်နဲ့ ညည်းတွားမှုအသံတွေက ဆူညံစွာပေါ်ထွက်လျက် ရှိနေပါတယ်။ ဂီတလောကမှာ ပရိုဂျူဆာမရှိတော့တဲ့ အခြေအနေမျိုး ဖြစ်နေတာမို့ ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး အဆိုပိုင်း သာမက ဖြန့်ချိရေးပိုင်းပါလုပ်ဆောင်ရတဲ့အတွက် လူမှန်နေရာမှန်မဟုတ်ဖြစ်နေတဲ့ ဂီတလောကရဲ့ လက်ရှိအခြေအနေအကြောင်းကိုလည်း စည်သူလွင်က..

” အခုနောက်ပိုင်း ကျွန်တော်တို့က ပရိုဂျူဆာလည်းမရှိတော့ ကိုယ့်ဘာသာကိုယ်ပဲ ထုတ်ကြရတယ်။ အဲဒီအခါကျတော့ အဆိုပိုင်းကျွမ်းကျင်တဲ့ အနုပညာ ရှင်တွေက ကိုယ် မကျွမ်းကျင်တဲ့ ဖြန့်ချိရေးပိုင်းပါ ဝင်လုပ်ရတော့ အခက်အခဲလေးတွေ ရှိလာတယ်။ အမှန်က လူမှန်နေရာမှန်ဖြစ်နေရမယ်။ တကယ် နိုင်ငံတကာပုံသဏ္ဋာန်မျိုးနဲ့ သွားမယ့်အချိန်ကိုပဲ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ အဲဒီအချိန်ရောက်ရင်တော့ သူ့ဘာသာသူ နေသားတကျပြန်ဖြစ်သွားမှာပါ” လို့ စည်သူလွင်က လက်ရှိအခြေအနေကို ဖွင့်ဟပါတယ်။ စည်သူလွင်က သူ့ရဲ့ ပရိသတ် အတွက် တစ်ကိုယ်တော် စီးရီးခွေ ထွက်ရှိဖို့စီစဉ်နေပြီး ၂ဝ၁၇ ခုနှစ်မှာ တစ်ကိုယ်တော်စီးရီးခွေ ထွက်ရှိလာမှာဖြစ်သလို စီးရီးခွေထွက်ရှိပြီး တာနဲ့ တစ်ကိုယ်တော်ရှိုးပွဲ ပြုလုပ်ဖို့ စဉ်းစားထားပါတယ်လို့လည်း ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here