ရေကြည်ရာ ဗွက်ထသွားတဲ့ညနေဟာ
လေးနဲ့ ပစ်ခွင်းခံလိုက်ရတဲ့
သားသမင်များလို
ပြေးပြေးလွှားလွှားနဲ့
တောခြောက်သံအမှားတွေကြား
အနာဂတ်တို့ ကျိုး, မွ,ကြေ
အဲဒီနေရာကို………
ဘယ်အမျိုးမှ ကရုဏာတေးမဖွဲ့
အဲဒီကမ္ဘာကို……
ရက်စက်ခြင်းမိုးရေတို့ ပိုးစိုးပက်စက်
မစာနာခြင်းမိုးသားတို့
အတိုးအားနဲ့မညှာမတာရွာချ
သူခိုး ဓားပြ ခေါင်းစဉ်တပ်လို့
ရွာ့အပြင်ဘက်မှာ
ဖြုတ်, ထုတ်,သတ်,ကွပ်မျက်လိုက် ကြတယ်။
အဲဒီနေ့က အော်သံ……
အဲဒီနေ့က တော်လှန်ခြင်း……
အဲဒီနေ့က မလျှော်ကန်ခြင်း……
ကောင်းကင်နံရံတွေပါ ပဲ့တင်ထပ်
ကြယ်အစင်းစင်း တာရာအလင်းတို့
မျက်ရည်နဲ့ဒူးထောက်
သိမ်မွေ့ခြင်း စကားသံတို့
ကာရန်မဲ့စည်းဖောက်
ဒဏ်ရာတွေစောက်နက်သွားတဲ့ ညနေဟာ
ခေါင်းမော့ ရင်ကော့လို့
ထပ်စိန်ခေါ်လိုက်ပြန်တယ်……
ဘယ်ဘဝက
ဝဋ်နာ ကံနာတွေလဲ
လောကဓံရေ………
ထားရာနေ စေရာသွား
ငါတို့က ဇာတ်တူသားတွေ
ဓား ဓားချင်းမခုတ်လို
တရား တရားချင်ထုတ်ဆို
ငါတို့က မင်းလက်ခုပ်ထဲကရေ
အခုလည်းသေလို့……။
အရိပ်မဲ့ဖို့ အခက်ြွေခ
အနာဂတ်ဆက်ဖို့ သောကအထွေထွေ
ကဲ မျက်ရည်တွေကို ရပ်ကြည့်နေတဲ့
ကောင်းကင်ရေ……
ဒီထက်မြင့်ချင်သေးရင်
ငါတို့ ဇက်ကုပ်ပေါ်တက်ထိုင်
ရေရေရာရာတရားတွေ ကိုင်ထား
ငါ မှန်သောစကား ဆိုပါရစေ………
အို………သမ္မာအာဇီဝနေ့ရက်မြတ်တို့
ငါတို့ကို သနားသောအားဖြင့်
နာမည်လှလှလေးထပ်ပေးပါ
“တော်တော်တရား
ဓားစားသွားတဲ့ ညနေများ”လို့……။ ။
သူ့ထက်ကဲ(မန်း)