မွေးနေ့တိုင်း အေးချမ်းအောင်မြင် အုတ်ခွက်ဘုရား ပင့်ဆောင် ပူဇော်တဲ့ စန္ဒီမြင့်လွင်

0
304

စန္ဒီမြင့်လွင်က ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့တိုင်း ဗုဒ္ဓဂယာမှ ဆုတောင်းပြည့် အေးချမ်းအောင်မြင် အုတ်ခွက်ဘုရားကို ပင့်ဆောင်ပူဇော်တာ ၆ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ မွေးနေ့တိုင်းမှာ ထွေထွေထူးထူး မွေးနေ့အမှတ်တရ မလုပ်ဖြစ်တော့ဘဲ သံဃာတော်များကို ဆွမ်းဆက်ကပ်ခဲ့သလို ဘုရားစေတီ သွားရောက်ဖူး မြော်ပြီး ကုသိုလ်ကောင်းမှုတွေပဲ ပြုလုပ်လေ့ရှိပါတယ်။

“ဒီဘုရားကို စမပင့်ခင်ကတည်းက ဒီဘုရားကို ပင့်ချင်တယ်။ ဒီဘုရားရဲ့ မျက်နှာတော်ကို သေချာဖူးလိုက်ရင် အေးချမ်းပြီးတော့ ကြည်ညိုရတယ်။ ဘုရားက ကိုယ့်ကို အမြဲကြည့်ရှုစောင့်ရှောက်နေတယ်လို့ ခံစားရတယ်။ ပဋ္ဌာန်းရွတ်နေရင်းနဲ့ကို ဘုရားက ကိုယ့်ကိုကြည့်နေတယ်လို့ ခံစားရတယ်။ ဒါကြောင့် ဒီဘုရားကို နှစ်တိုင်းပင့်ဆောင်ဖြစ်တာပါ။ အမေ ကျန်းမာရေးကောင်းတဲ့အချိန်၊ အားလုံးဝိုင်းကူလုပ်တဲ့အချိန်ထိ ပင့်ဖို့စိတ်ကူးရှိပါတယ်” လို့ ပြောပါတယ်။ အေးချမ်းအောင် မြင်အုတ်ခွက်ဘုရားကို မွေးနေ့မတိုင်ခင်တစ်ရက်ကနေ မွေးနေ့ညနေပိုင်းထိ ပင့်ဆောင်ပူဇော်ခဲ့ပြီး မည်သူမဆို လာရောက်ဖူးမြော်နိုင်သလို လာရောက်ဖူးမြော် ကြတဲ့ ဘုရားဖူးလာ ပြည်သူများကို မုန့်ဟင်းခါး၊ ထောပတ် ထမင်းတို့ကို ကျွေးမွေးခဲ့ပါတယ်။ ဒီနှစ်ကတော့ စန္ဒီမြင့်လွင်ရဲ့ ၃၂ နှစ် ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ အသက် တစ်နှစ်ပိုပြီးကြီးလာတိုင်း ဘာသာရေးနဲ့ ပတ်သက်ပြီး အလှူအတန်းတွေပဲလုပ်ဖြစ်လာတဲ့ စန္ဒီမြင့်လွင်က –

“၂၆နှစ်လောက်က စပြီး ဘုရားအလှူတွေပဲ လုပ်ဖြစ်တယ်။ အဲဒီနောက်ပိုင်းက ပွဲတွေ၊ ပါတီတွေ မလုပ်ဖြစ်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဧည့်ခံတာတော့ ရှိတာပေါ့” လို့ ဆိုပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ဆီက မွေးနေ့လက်ဆောင်တော့ ရရှိပေမယ့် ခင်ပွန်းက ဘယ်သူ့ကိုမျှ မပြောပြခိုင်းဘူးလို့လည်း ဆိုပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့ ‘ပါပီ’သီချင်းကို အွန်လိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။ ဒီသီချင်းလေးက သီဆိုနေကျပုံစံနဲ့ ကွဲထွက် သွားပြီး တအားလည်း သဘောကျတယ်လို့ ဆိုပါတယ်။ စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ပွဲကိုWe Love Sandi Myint Lwin အဖွဲ့လည်း လာရောက်ခဲ့ပြီး မွေးနေ့လက်ဆောင်များပေးကြသလို ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်လည်း ခွဲခဲ့ကြပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here