လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားထဲက ကျောအပြည့်ထိုးထားတဲ့ တက်တူးတွေက အစစ်တွေပါလို့ဆိုတဲ့ ယုန်လေး

0
184

လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ရိုက်ကူးထားတဲ့ ‘လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ’ရုပ်ရှင်ဇာတ်ကားထဲမှာ ကိုယ့်ကိုယ်ကိုယ် သိပ်အားမရသေးပါဘူးလို့ ယုန်လေးက ဆိုပါတယ်။ သူအကြိုက်ဆုံးအခန်းတွေကိုလည်း ယုန်လေးက…

“ကျွန်တော့်ကိုယ် ကျွန်တော် ရယ်ချင်နေတယ်ဗျ။ ဘာကောင်ကြီးဖြစ်နေမှန်းကိုမသိဘူး။ အကြိုက်ဆုံးအခန်းဆိုလို့ရှိရင် ထားထက်ထက်နဲ့ ကိုလူမင်းပြောတဲ့ အခန်းတွေ ကြိုက်ပါတယ်။ ထူးခြားနဲ့ ကိုလူမင်းပြောတဲ့ အခန်းတွေလည်း ကြိုက်တယ်။ ပြီးတော့ ဂျင်းနီနဲ့ ကိုလူမင်းပြောတဲ့ အခန်းတွေပေါ့။ ကျွန်တော့် ညီမလေး ဂျင်းနီလည်း အိုက်တင်ကောင်းပါတယ်” လို့ ပြောပါတယ်။ အဆိုပါ ဇာတ်ကားထဲမှာ ယုန်လေးကို ကျောကုန်းအပြည့် တက်တူးတွေနဲ့ တွေ့ရတော့ တကယ်ထိုးလိုက်တာလားဆိုတဲ့အမေးကလည်း ထွက်လာပါတယ်။

“တကယ်ထိုးထားတာပါ။ လှန် ပြရမလား(ရယ်လျက်)။ တက်တူးထိုးတယ်ဆိုတာကလည်း Original Gangster အတွက် အမှတ်တရထိုးတာ။ ထိုးရင်းနဲ့ ရှိပြီးမှတော့ မြင့်မြတ်တို့၊ ထူးခြားတို့ကလည်း ‘ဆွဲ၊ ချ’ ဆိုပြီး မြှောက်ပေးတယ်။ ကျွန်တော်ကလည်း ရှိပြီးမှတော့ မထူးတော့ ဘူးဆိုပြီးတော့ ကျောမှာ ဖြည့်ထိုး လိုက် တာပါ။ တက်တူးက ကိုရဲကျော်နဲ့ထိုးတာပါ” လို့ ယုန်လေးက ဆိုပါတယ်။
လက်တွဲခေါ်တဲ့ ကိုလူမင်းအပေါ်ကိုကော ဘာပြောစရာများရှိ သေးလဲလို့ဆိုတော့ …

“အန်ကယ်လေးက ကျွန်တော်တို့အပေါ်ကို ကူညီတာလေ။ ကျွန်တော်တောင် ဟိုနေ့တုန်းက ပြောလိုက် သေးတယ်။ အန်ကယ်လေးလို့၊ ဒီလောက်ရုပ်စုတ်ပြတ်သတ်ပြီး ပေါက်ကရလုပ်တဲ့ကောင်ကို ကျွန်တော်သာ အန်ကယ်လေးနေရာမှာ ဆိုရင် ယုန်လေးနဲ့မရိုက်ဘူး” လို့ ပြောပြီး ယုန်လေးက ရယ်နေပါသေးတယ်။ ဒါတကယ် ပြောတာပါ။ အန်ကယ်လေးက ပိုက်ဆံဆိုရင်လည်း မင်းတို့ ပေးချင်သလောက်သာပေးကွာဆိုပြီးတော့ ကျွန်တော်တို့ကို ချစ်လို့ ဝင်ရောက်လုပ်ကိုင်ပေးတာပါ။ တကယ်၊ တကယ် ကျွန်တော် ဖားစရာလည်း ဘာမှမရှိဘူး။ သူလည်း ဥက္ကဋ္ဌမဟုတ်တော့ဘူး။ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတာကို ပြောပြတာပါ”လို့ ယုန်လေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်

၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here