အသက် ၂၈ နှစ်ပြည့်မိုရီဆာကီဝင်းရဲ့  ခံစားချက်

0
186

ဂျပန်နိုင်ငံက မြန်မာပြည်ဖွား သရုပ်ဆောင်အဆိုတော် မိုရီဆာကီ ဝင်းက သြဂုတ်လ၂ဝရက်နေ့မှာ ၂၈ နှစ်ပြည့်သွားခဲ့ပါပြီ။ သူ့ရဲ့မွေးနေ့ကိုတော့ ဂျပန်နိုင်ငံမှာ အလုပ်တွေ လုပ်ကိုင်ရင်းနဲ့ပဲဖြတ်သန်းဖြစ်ခဲ့ပါတယ်။ မွေးနေ့ ခံစားချက်နဲ့ ပတ်သက်ပြီး မိုရီဆာကီဝင်းက…

“ကျွန်တော်မနေ့တစ်နေ့ကမှ အသက် ၂ဝ ပြည့်သွားသလိုပါပဲ။ ကျွန်တော်အသက်၂ဝပြည့်တုန်းက သူငယ်ချင်းတွေနဲ့ ပင်လယ် သွား ပြီးတော့ Count Down လုပ်ပြီး ညဘက်ကြီးပင်လယ်ထဲခုန် ချခဲ့တယ်။ အဲဒီလိုမျိုး လူငယ်ဘဝကို မနေ့တစ်နေ့ကလိုပဲ ခံစားရပါတယ်”လို့ပြောပါတယ်။ မြန်မာနိုင်ငံမှာတင်မက ဂျပန်နိုင်ငံမှာလည်း အောင်မြင်မှု ရရှိနေတဲ့ မိုရီဆာကီဝင်းကိုမြန်မာနိုင်ငံရဲ့ ခရီးသွားမြှင့်တင် ရေးသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။  မြန်မာနိုင်ငံကိုဂျပန်လူမျိုးတွေ ပိုသိ အောင် ကြိုးစားဆောင်ရွက်သွားမယ် လို့ ဆိုတဲ့ မိုရီဆာကီဝင်းက……

“Tourism Brand Ambassador အဖြစ် ခန့်အပ်ခံရတဲ့အတွက် တအားလည်း ဝမ်းသာတယ်။တအားလည်း ဂုဏ်ယူပါတယ်။Tourism ရဲ့ Brand Ambassador ဖြစ်ဖို့က ဘယ်လိုလုပ်ရင် ဖြစ်မလည်း ဆိုတာ  ကျွန်တော်လည်း မသိဘူး။ ဒါမျိုးဖိတ်ခေါ်ပေးတဲ့အတွက် လူကြီး တွေကိုလည်းကျေးဇူးတင်ပါတယ်။ လောလောဆယ် ကျွန်တော် ဂျပန်မှာ နေနေတဲ့အတွက် ဂျပန်နိုင်ငံက လူတွေကဒီထက်ပိုပြီး မြန်မာနိုင်ငံကို ပိုသိအောင် ကြိုးစားပါ့မယ် ခင်ဗျ။ တာဝန်ကတော့ ကြီးတာပေါ့။ကျွန်တော်ကလည်း ဂျပန်မှာ အဲဒီ လောက်နာမည်ကြီးတဲ့ လူတစ် ယောက်မဟုတ်သေးဘူးဆိုတော့ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဒီ အနုပညာလောကမှာ နာမည်ထွက်အောင် ပိုကြိုးစားမယ်။ အဲဒီ အခါကျရင်ကျွန်တော်ဘယ်က လာတယ်ဆိုတာ ပိုသိမယ်။ မြန်မာပြည်က လာတယ်ဆိုရင် မြန်မာပြည်ကို ပိုပြီးသိတဲ့အ ခါမှာ အဝင်းက မြန်မာပြည် မှာ မွေးဖွားတာတစ်ခုတည်း မဟုတ်ဘဲနဲ့ မြန်မာပြည်မှာလည်းအလုပ်လုပ်တယ်။ မြန်မာပြည်မှာလည်း Tourism Brand Ambassador ပါ လုပ်နေပါလား ဆိုတာသူတို့သိလိမ့်မယ်။ အဲဒီလို မျိုးဖြစ်အောင် ဆက်ကြိုးစားသွား ရမယ်ဆိုတာ ဒီနေ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတွေးမိပါတယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံကို အရင်က လူသိပ်မသိ ကြပေမယ့် အခုဆိုရင်တော့ ဂျပန် လူမျိုးတွေလည်းပိုပြီးသတိထားမိ လာကြပါပြီ။ ဂျပန်လူမျိုးတွေ မြန်မာနိုင်ငံကို ဘယ်လောက်ထိသိနေကြလဲဆိုတာကိုတော့ မိုရီ ဆာကီဝင်းက …

“အရင်တုန်းက မြန်မာလို့ ပြောလို့ရှိရင် စုကြည်စံ စုကြည်စံလို့ ပြောကြတယ် ခင်ဗျ။ဒေါ်အောင်ဆန်းစု ကြည်ကိုပေါ့။ စုကြည်စံ ရှိတဲ့နေရာပေါ့တဲ့။ အခုဆိုရင် မြန်မာ ပြည်ကရာသီဥတုသတင်းတို့ အရင် ထက်စာရင် သတင်းတွေက ဂျပန် ပြည်ကို အများကြီးဝင်လာပါတယ်။ဒေါ်အောင်ဆန်းစုကြည်တစ်ခု တည်း မဟုတ်တော့ဘဲနဲ့ မြန်မာ ပြည်က တအားပူတဲ့နိုင်ငံတို့၊ မိုးလည်းတအားရွာတယ်တို့ ၊ ရေက နည်းနည်းကြီးတာတို့ကို ဂျပန်ပြည်က အားလုံးသိနေကြပါ တယ်။မြန်မာပြည်က ဂျပန်ပြည်ကို လာပြီး သရုပ်ဆောင် လုပ်နေတဲ့လူတစ် ယောက်ရှိတယ်ဆိုတာကိုတဖြည်းဖြည်းနဲ့ သိလာပါပြီ။ အဲဒါကျွန်တော်ပါ ခင်ဗျ (ရယ်လျက်)” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here