ပျားရည်မြစ်ထဲက ခြေချော်လက်ချော် ပုရွက်ဆိတ်ကလေး

0
228

ပျာယီးပျာယာရောက်လာတော့
တမေ့တမြောတွေ ခေါင်းထောင်လာ
အပြုံးဖျော့ဖျော့
ပန်းရောင်ဖျော့ဖျော့လေးက
ပေါက်မဲ ကြေညာလိုက်တော့
ခြောက်ခြောက်ခြားခြား
ဝက်ခြံထဲဝင်သွားလိုက်တယ်။
သူ့တံဆိပ် နှိပ်ထားတဲ့
ငါ့ဘဝအစိတ်အပိုင်းတွေကို ကြည့်ပြီး
ပျားရည်ထဲ စိမ်ထားတဲ့ စကားလုံးတွေ ငါးမိနစ်စာ
တိုက်ကျွေး
လျှို့ဝှက်စာတွေ ငါ့ရင်ဘတ်ပေါ်
ချရေးလိုက်တယ်
အင်္ဂလိပ်စာအခြေခံ ဂူအောင်းနံရံစာတွေ
အသင့်စောင့် ပုံနှိပ်စာရွက်ပိုင်းပေါ်
ထပ်တင်ပြီး
အိတ်ကပ်ပါ ခွဲတတ်တဲ့ ဓာတ်ခွဲခန်းဆီ
လွှတ်တင်လိုက်တယ်။
သကာအိုးထဲ ခေါင်းမတိုးနိုင်လို့
ပျားရည်မြစ်
ဇွတ်ချစ်ရတဲ့ ပုရွက်ဆိတ်လေး
လည်ပင်း သေးသေးလာတယ်။
ဒီမြစ်မှာ သုံးလတစ်ခါ အဝ ချိုးခဲ့ပါတယ်
တစ်ဆင့်စကားနဲ့ ဒဏ်ချက်များအရ
အတွင်းဆေးဆိုင်မှာ
တစ်ပတ်စာ ဝယ်မယ်
အလွမ်းသင့်ရာမှာ
အသက်ဓာတ် ထပ်ဖြည့်
မေ့တယ်ဆိုပြီး ဘွာတေးလုပ်လို့မှမရတာ
တနင့်တပိုး မြိုထားတဲ့ မြွေရဲ့
ပါးစပ်ထဲက ကိုယ့်အသက်ကိုယ်
လက်တစ်ဆုံး နှိုက်ယူနေရတာပဲလေ
စားစရာ ရှားတဲ့ နိုင်ငံမှာ
ရှောင်စရာများတဲ့ လူနာ
ကိုယ့်လျှာကိုယ်ပဲ
ထုတ် ထုတ် ဝါးနေရတယ်။
အဖြူရောင်တရားသူကြီးက
ရက်ချိန်းဝေးလို့ ရှာချိန် ဖွေချိန် ရပါရဲ့
ပေးစာ ကမ်းစာလေး
ထုပ် ထုပ် ထားနေရတယ်
အနန္တငါးပါးမှာ နောက်တိုးစာရင်းနဲ့
ကပ်ပါနေသူက
သွေးအဖြေ ဆီးအဖြေတွေ
တဖျပ်ဖျပ် ကြည့်ပြီး
စိတ်ဓာတ်မကျဖို့ ပြောတဲ့စကားနဲ့
စိတ်ဓာတ်ဟာ
နေရာတင် ကျပျောက်သွားတယ်။
ဖောဖောဖောင်းဖောင်းမှသည်
ဇီးရွက်ဆီသို့ပေါ့လေ
ဆေးတစ်လုံး သွင်းပါ
နောက်နှစ်ရက် ဆက်သွင်းပါ
တစ်လစာ ဆေးဝယ်ပါ . . .
ပေါ့ပေါ့ပါးပါးလေးက
လေးလေးလံလံ ပေါက်ချလာတယ်။
တစ်လုံးနဲ့ တစ်လစာဟာ
တစ်သိန်းရှစ်သောင်းဆိုတော့
တစ်လ လစာဟာ
တစ်သောင်း ပိုသေးတယ်
အချိန်ပိုကြေးလေးတွေနဲ့
သားရေး သမီးရေး
အရေးရေး အရာရာတွေ
အရေးထဲ ထပ်ပေါ်လာမယ့် အရာတွေ
ကုလားဘုရားပွဲ
အော်တိုလှည့်လာတော့
အပြုံးသော့သော့
အနီကြော့ကြော့လေးက
ဆေးစာတွေ ပြန်ထည့်
မှတ်တမ်းစာအုပ်လေး တစ်ခန်းရပ်
ပန်းနုရောင်လက်ထဲ အပ်လိုက်တော့
အပြာရောင် အချုပ်သား ဖြစ်ရပြန်တယ်။
ကောင်တာမှာ အစစ်ခံနေရတုန်း
သုတ်သီးသုတ်ပျာ
ပြန်ထွက်သွားတာ ရိပ်ခနဲ
သူ့နောက်မှာ သူ့ဆိုင်းဘုတ်
အဖြုတ်ခံလိုက်ရပေမယ့်
မြစ်ရဲ့ တစ်နေရာမှာ ဘွားခနဲ
ပြန်ပေါ်လာမှာ သိတယ်။

မောင်ထိန်လင်း(မြို့သာ)


LEAVE A REPLY

Please enter your comment!
Please enter your name here