LGBT တွေအတွက် ခိုင်နှင်းဝေပြောတဲ့စေတနာ စကား

0
170

သရုပ်ဆောင် ခိုင်နှင်းဝေနဲ့ JD တို့ နှစ်ယောက်က LGBTတွေအတွက် MY PLACE ဆိုတဲ့ ဆိုင်တစ်ဆိုင်ကို ရန်ကုန်မြို့၊ ကျောက်မြောင်းက ဒဂုံသီရိ လမ်းထဲမှာဖွင့်လှစ်ထားပါတယ်။ ဒီဆိုင်ကို ဖွင့်လှစ်ဖြစ်ခြင်းကတော့ LGBT တွေအတွက် ရည်ရွယ်ပြီး LGBT တွေ အချင်းချင်း တွေ့ဆုံနိုင်ဖို့အတွက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ထဲမှာတော့ LGBT တွေနဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေကို ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး နိုင်ငံတကာက အောင်မြင် ကျော်ကြားတဲ့ LGBT အနုပညာရှင်တွေကိုလည်း ပြသထားပါတယ်။

“လူတိုင်းလူတိုင်းမှာ ကောင်းတဲ့ အချက်တွေ ရှိကြတယ်။ ကောင်းတဲ့ အချက်တိုင်းကို အတုယူတယ်။ Gay ပဲဖြစ်ဖြစ် မိန်းမလျာပဲဖြစ်ဖြစ် သူတို့ ဆီမှာကောင်းတဲ့အချက်တွေ အများကြီးရှိတယ်။ အဲဒါတွေကို အတုယူ စေချင်တယ်။ အမှားတွေကိုထောက်ပြနေမယ့်အစား ကောင်းတဲ့အကွက် ကလေးတွေကိုရှာမယ်ဆိုရင် ကိုယ်လည်း ကုသိုလ်ရတယ်။ ပရဟိတ လည်း ဖြစ်တယ်။ သူများကိုလည်း အဆင့်တက်ဖို့အတွက် လက်ကမ်း ပေးလိုက် တဲ့ အတွက် ကိုယ့်ဘဝကလည်း နောက်တစ်ဆင့်တက်လှမ်းဖို့အတွက် သူများက ကမ်းပေးမှာပါပဲ။ စေတနာအကျိုးပေးတယ်ဆိုတဲ့ သဘောပါပဲ။ အဲဒီလိုမျိုးလေးဖြစ်စေချင်တဲ့အတွက်ကြောင့် ဒီဆိုင်လေးကိုလုပ်ဖြစ် သွားတာပါ”လို့ ဆိုင်ဖွင့်လှစ်ဖွင့်ခြင်းနဲ့ ပတ်သက်ပြီး ခိုင်နှင်းဝေက ပြောပြပါတယ်။

အဆိုပါ ဆိုင်မှာတော့ ဝန်ထမ်းတွေကအစ LGBT တွေကို ခန့်ထားတယ်လို့ သိရပါ တယ်။ MY PLACE ဆိုတဲ့ နာမည်ပေးဖြစ်တာ ကလည်း ဒီဆိုင်က ငါ့ရဲ့ နေရာလို့ပဲ ခံယူစေချင်လို့ပဲဖြစ်ပြီး ဒီဆိုင်မှာ ခွဲခြား ဆက်ဆံမှုတွေရှိမှာ မဟုတ်ကြောင်း ဆိုင်ကိုလာလိုက်တာနဲ့ စိတ်ချမ်းသာ သွားစေမှာ ဖြစ်ကြောင်း လည်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here