ထာဝရအဖေ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ပြင်ဆင်နေပြီ ဖြစ်တဲ့စင်ရော် မောင်မောင်

0
359

ဒါရိုက်တာစင်ရော်မောင်မောင်က ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်မှုရရှိပြီးနောက်ပိုင်း ထာဝရအဖေကို ဆက်လက်ရိုက်ကူးပုံဖော်သွားဦးမှာပါ။ ဖခင်တစ်ဦးဖြစ်တဲ့ စင်ရော်မောင်မောင်က သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်သူ မင်းသန့်မောင်မောင်အပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကတော့ ပြောလို့ မကုန်နိုင်ပါဘူး။

ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်တိုင်းရဲ့ မေတ္တာတရားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးပုံဖော်သွားမယ့် ‘ထာဝရ အဖေ’ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က…

“ထာဝရအဖေကတော့ ကျွန်တော်က အဖေလေ။ ကျွန်တော် မင်းသန့်ကို ဘယ်လောက်ချစ်လဲ ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့ ဘဝမှာ ဖြတ်သန်းခဲ့တဲ့ ကျွန်တော်တို့ရဲ့အဖေတွေအကြောင်း၊ ဒေါက်တာခင်မောင်ဝင်း ရဲ့အဖေအကြောင်း။ ကျွန်တော်တို့ရဲ့ ဆရာတွေအကြောင်း၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေအကြောင်း၊ အဖေတွေနဲ့ပတ်သက်လို့ ကမ္ဘာကြီးမှာ သမီးတွေကချစ်တဲ့ အဖေ၊ အဖေက ချစ်တဲ့သမီး အများကြီးပဲ။ အဖေဆိုတာ သူရဲကောင်းလေ။ အဖေဆိုတာ သားသမီးအပေါ်မှာ ဘယ်လောက်ထိ စွန့်လွှတ်ခဲ့လဲ၊ ရပ်တည်ခဲ့သလဲ၊ အနစ်နာခံခဲ့လဲ၊ နာမည်အပျက်ခံခဲ့သလဲ။ အခုအချိန် မှာ အကြွေးတွေကြားထဲက သားကို နိုင်ငံခြားမှာကျောင်းထားတယ်။ မျှော်လင့်ချက်တွေအကြီးကြီး အိပ်မက်တွေအကြီးကြီး ဒီလိုအဖေတွေ အများကြီးပဲ။ အဖေပေါင်းစုံ။ သူတို့အကြောင်းတွေလည်း ပါမှာပါ။ သေချာ ရိုက်ကူးသွားမှာပါ” လို့ ပြောပါတယ်။ ဒီဇာတ်ကားရိုက်ကူးဖို့ အတွက် ဇာတ်ညွှန်း ရေးဆရာတွေနဲ့ တိုင်ပင်ပြီး သေချာပြင်ဆင်နေပါ တယ်။

‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားမှာတွဲဖက်ဒါရိုက်တာအဖြစ် ပါဝင်ဆောင်ရွက်ခဲ့တဲ့ မင်းသန့်မောင်မောင်က ထာဝရအဖေရုပ်ရှင်ဇာတ်ကားမှာလည်း တွဲဖက်ဒါရိုက် တာအနေနဲ့ ဖခင်ကို ကူညီပေးဦးမှာပါ။ မင်းသန့်မောင်မောင်နဲ့ ဇာတ်ကား ၄ကား ရိုက်ကူးဖို့ စီစဉ်ထားပြီး ဒီဇာတ်ကားတွေကို မကြာမီ ပရိသတ်ကို အသိပေးသွားမှာပါလို့ စင်ရော်မောင်မောင်က ပြောပါတယ်။ မင်းသန့်မောင်မောင်က အမေရိကန်နိုင်ငံမှာ ဒါရိုက်တာပညာကို သင်ယူနေပြီး မကြာမီဘွဲ့ရရှိတော့မှာဖြစ်ပါတယ်။ သားအတွက် ဂုဏ်ယူပီတိဖြစ်နေတဲ့ စင်ရော် မောင်မောင်က ..

“မင်းသန့်က စက်တင်ဘာလ ၃ဝ ရက်နေ့မှာ ဘွဲ့ရပါမယ်။ ပြီးရင် ဟိုမှာပဲ တစ်နှစ်လောက် Training ထားပါမယ်။ ပြီးရင် ကျွန်တော်နဲ့ လက်တွဲပါမယ်။ အခုလိုဘွဲ့ရပြီဆိုတော့လည်း မွေးကတည်းက မက်ခဲ့တဲ့ အိပ်မက်မှာ အကြီးမားဆုံး အိပ်မက်ပဲ။ အပျော် ဆုံးအိပ်မက်ပဲ။ ချောချော မောမော ဖြစ်ပါစေလို့ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here