ဖားမြို့တော်ဟာ
ဖားယဉ်ကျေးမှု အရ
မင်္ဂလာပါ ဖား ချစ်သူ လို့
တွေ့တွေ့ချင်း နှုတ်ခွန်းဆက်သတယ်။
ဖားမြို့တော်ထဲ ဝင်ဝင်ချင်း
ကြီးကြီးကျယ်ကျယ်
ဖားလမ်းမကြီးကို တွေ့တယ်
ခမ်းခမ်းနားနား
ဖားအဆောက်အအုံကြီးကို တွေ့တယ်
ဝေဝေဆာဆာ ဖားသစ်ပင်ကြီးကို တွေ့တယ်
သိုက်သိုက်ဝန်းဝန်း
ဖားအသိုင်းအဝိုင်းကြီးကို တွေ့တယ်
တွေ့တွေ့သမျှ ဖားတွေပါပဲ။
ဖားလမ်းမကြီးဟာ
‘ဖား…ဖား….ဖား…’လို့
အသံထွက်နေတဲ့
ဖားမော်တော်ကားတွေနဲ့
စည်ကားနေလေရဲ့။
ဖားအဆောက်အအုံကြီးဟာ
ဖားအမိုးအကာ၊
ဖားအခင်းအကျင်းတွေနဲ့
ဖားအလှအပတွေ မော်ကြွားနေလေရဲ့။
ဖားသစ်ပင်ကြီးဟာ
ဖားအကိုင်းအခက်၊
ဖားအသီးအရွက်တို့နဲ့
ဖားဖားကြီး ကြီးထွားနေလေရဲ့။
ဖားအသိုင်းအဝိုင်းကြီးဟာ
ဖားမျိုးဆက် အမြောက်အမြားနဲ့
ဖားဂုဏ်သိက္ခာကို ဖော်ကျူးနေလေရဲ့။
အဲ့ဒီလိုနဲ့
ဖားမြို့တော်ဟာ
ဖားပေါင်းစုံလင်စွာနဲ့
စည်ပင်ဖွံ့ ဖြိုးနေလေရဲ့။
ဖားမြို့တော်ထဲ
ဖားအကြောင်းလေ့လာရတာ ဖားစော် နံလွန်းပါတယ်။
ဥာဏ်ကျော်