‘အနမ်းဝိုင်’နဲ့ ကွဲပြားဆန်းသစ်မယ့် ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းပိုင်းဆိုင်ရာကို ပြင်ဆင်နေတဲ့ ဒါရိုက်တာ အောင်မြတ်

0
182


သူတို့လူငယ်ဒါရိုက်တာတွေမှာ တူညီတဲ့အချက်တစ်ချက်က ရုပ်ရှင်ဇာတ်ကားတစ်ကားကို ရိုက်ကူးဖို့ဆိုရင် Pre Production အတွက် အချိန်တွေ အကြာကြီးယူတာပါပဲ။ အခုလည်း ဒါရိုက်တာအောင်မြတ်က ‘အနမ်းဝိုင်’ပြီးတဲ့အခါ နောက်ထပ် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းပိုင်းကို အချိန်အကြာကြီး ပြင်ဆင်နေပါတယ်။ နှစ် မကုန်ခင်လောက်မှာ နောက်ထပ်ရုပ် ရှင်တစ်ကားရိုက်ကူးဖို့ စီစဉ်ထားတယ်ဆိုတဲ့ ဒါရိုက်တာအောင်မြတ်က…

”အနမ်းဝိုင်ပြီးတဲ့အခါမှာ ကျွန်တော် ရုပ်ရှင်ပိုင်းဆိုင်ရာကို ခဏ ထားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြားထဲမှာ ကျွန်တော်ဇာတ်ညွှန်းပိုင်းလေးတွေ ပြင်ဆင်နေတယ်။ ပြီးတဲ့အခါကျတော့ ဆက်စပ်ပြီးတော့ နောက်ထပ်လုပ်စရာလေး တွေအတွက် ပြင်ဆင်နေတယ်။ ကျွန်တော် ‘အနမ်းဝိုင်’ ဇာတ်ကားရိုက်ကူးတဲ့အချိန်မှာ အဲဒီတစ်ခုတည်းကိုပဲ ရိုက်ကူးဖို့ စီစဉ်ထားတာဖြစ်တဲ့အတွက် နောက်ဟာနဲ့က နည်းနည်းဟနေသလိုဖြစ်တာပေါ့နော်။ ဒီနှစ် မကုန်ခင်လောက်ကို နောက်ထပ်ဇာတ်ကားတစ်ကားထပ်ရိုက်ဖို့ စီစဉ်ထားတယ်။ ပြီးတော့ ဆက်စပ်ပြီးတော့မှ ရိုက်ကူးဖို့အတွက်ကိုလည်း ပြောထားတာလေးတွေရှိပါတယ်။ ကြားထဲမှာတော့ Commercial ရိုက်ရင်းနဲ့ ဇာတ်ညွှန်းပိုင်းဆိုင်ရာ၊Shooting Arrangement ပိုင်း တွေကို ပြင်ဆင်နေပါတယ်။ ဒီတစ်ခါ ပရိသတ်တွေ့မှာက အရင်တုန်းက ပုံစံတစ်မျိုးတည်းမဟုတ်ဘူး။ နည်းနည်းလေးပုံစံဆန်းမယ်။ ပရိသတ်တွေ လည်း ကြိုက်မယ့်ပုံစံမျိုးဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောပါတယ်။

လူငယ်လည်းဖြစ်တယ်။ အနုပညာသမားလည်းဖြစ်တဲ့အခါကျတော့ ဖေ့စ်ဘွတ်ခ်မှာ ခံစားချက်လေးတွေ ရေးပြီးတင်ဖြစ်တဲ့ အောင်မြတ် ကို အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးဖြစ်တဲ့အခါ …

”ကျွန်တော် ကိုယ်တိုင်ကလည်း အနုပညာနဲ့ ပတ် သက်တာတစ်ခုခုကို စဉ်းစားနေရတာကို ကြိုက်တယ်။ အရင်တုန်းကတော့Music Video တွေ ရိုက်တုန်းက တောက်လျှောက် စဉ်းစားဖြစ်တယ်။ နောက်ပိုင်းက စဉ်းစားဖြစ်တဲ့ဟာကို ရုပ်ရှင်အတွက်ပဲ စုထားတာများ တော့ ပရိသတ်နဲ့ကလည်း နည်းနည်းဝေးနေမှာ စိုး တယ်။ ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ လတ်တလော ခံစားချက် လေးတွေကိုလည်း သူငယ်ချင်းတွေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝေမျှချင်တယ်။ အဲဒီအခါကျတော့ ကိုယ့်ရဲ့ခံစားချက်လေး တွေကို ရေးရေးပြီးတင်ဖြစ်တာပါ” လို့ အောင်မြတ်က ပြော ပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here