ဝိသာခါ ဖောင်ဒေးရှင်းနှင့် Kunming Medical University တို့ ပူးပေါင်းပြီး မျက်စိ အတွင်းတိမ်လူနာ ၁၂ဝ ဦးအား အခမဲ့ ခွဲစိတ် အလင်းဒါနပြု

0
170

ဝိသာခါဖောင်ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Kunming Medical University မှ မျက်စိအတွင်းတိမ်ကုသရေးအဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်မြို့၊ သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ်ဆေးရုံကြီးတွင် မျက်စိအတွင်းတိမ်လူနာ ၁၂ဝ ဦးကို အခမဲ့ခွဲ စိတ်ကာ ဒုတိယအကြိမ်မြောက် အလင်းဒါနပြု လှူဒါန်းခဲ့ကြောင်း သိရသည်။

”အစ်မတို့ ဝိသာခါဖောင်ဒေး ရှင်းအနေနဲ့ကတော့ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး ဦးတည်ချက်သုံးခုနဲ့ ရပ်တည်နေပါတယ်။ အခုအစ်မတို့ ဝိသာခါဖောင်ဒေးရှင်းနဲ့ Kunming Medical University က မျက်စိအတွင်း တိမ်ကုသရေးအဖွဲ့တို့ ပူးပေါင်းပြီး သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါနကုသိုလ်ဖြစ်ဆေးရုံကြီးမှာ မျက်စိအတွင်းတိမ် လူနာ ၁၂ဝ ကို အခမဲ့ ခွဲစိတ်ကုသပေးမှာဖြစ်ပါတယ်။ ဒီနှစ်က ဒုတိယအကြိမ် လာရောက်ကုသပေးတာလည်း ဖြစ်ပါတယ်။ အရင်နှစ်က Kunming Medical University က မျက်စိအတွင်းတိမ် ကုသရေးအဖွဲ့ လာတုန်းက သီတဂူရွှေပြည်ဟိန်းစက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီးမှာ လိုအပ် တာတွေ သုံးဖို့ ဒေါ်လာ ၃ဝဝဝ လှူဒါန်းခဲ့ပါတယ်။ ဒီနှစ်မှာလည်း သူတို့ဒေါ်လာ ၃ဝဝဝ လှူဒါန်းပါတယ်။ တအားကို အားရစရာပါပဲ။ အခုလို မြန်မာပြည်သူတွေအတွက် လာရောက် လှူဒါန်းမှုတွေအတွက် အစ်မတို့ဝိသာခါဖောင်ဒေးရှင်းအနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ် မိပါတယ်။ သူတို့ကိုလည်း ကျေးဇူး တင်ပါတယ်” ဟု အဆိုပါ အလင်းဒါနပြုလှူဒါန်းမှုအထိမ်းအမှတ်ပွဲနှင့် ပတ်သက်ပြီး ဝိသာခါဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌဖြစ်သူ မရွှေစင်က ပြော သည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် နိုဝင် ဘာလအတွင်းကလည်း ဝိသာခါ ဖောင်ဒေးရှင်းနှင့် Kunming Medical University မှ မျက်စိ အတွင်းတိမ်ကုသရေးအဖွဲ့တို့ ပူးပေါင်းပြီး ပထမအကြိမ်အဖြစ် မျက်စိအတွင်းတိမ်လူနာ ၁၂ဝ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်သည်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here