သမီးတွေကို အနုပညာလိုင်း မသွင်းထားဘဲ ပညာတတ်ကြီးပဲ ဖြစ်စေချင်သူလူ ရွှင် တော် ထက် ထက်

0
322

တစ်ချိန်ကအငြိမ့်လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ရွှေညီကို အငြိမ့်အဖွဲ့ကို ပရိသတ်တွေ အမှတ်ရနေကြမှာပါ။ ရွှေညီကိုအဖွဲ့မှာတော့ လူရွှင်တော်ငြိမ်းချမ်း၊ ကောင်းကျော်၊ ထက်ထက်၊ ဝိုင်းချစ်၊ ရှဲဒိုးတို့ ၅ ယောက်က အတွဲညီညီနဲ့ ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကိုဘဝ အမောတွေ ပြေစေခဲ့တာပဲဖြစ်ပါတယ်။ သို့ပေမဲ့လည်း အချိန်ကာလတစ်ခု မှာတော့ ရွှေညီကိုအဖွဲ့ ကွဲခဲ့ရပြီး အခုဆိုရင် ကောင်းကျော်နဲ့ဝိုင်းချစ်တို့က အင်ပါယာ လူရွှင်တော်အဖွဲ့ကို တည်ထောင်ထားပြီး ငြိမ်းချမ်းနဲ့ ထက်ထက်တို့ကတော့ တစ်ကိုယ်တည်း လှုပ်ရှားနေကြပါတယ်။ ထက် ထက်က လူရွှင်တော်နဲ့ ဟာသသရုပ်ဆောင်အပြင် ပွဲတွေမှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ အနုပညာမဟုတ်တဲ့စီးပွား ရေးတွေကိုလည်း သူ့အနေနဲ့လုပ်ကိုင်ခဲ့ပေမယ့် အရင်းပြုတ်သွားတာတွေပဲများခဲ့တယ်လို့ သိရပါတယ်။

”ကျွန်တော်လက်ဖက်ရည်ဆိုင်ဖွင့်ဖူးတယ်။ ၁၅ ရက်နဲ့အရင်းပြုတ်သွားတယ်။ နန်းကြီးသုပ်တွေ၊ မုန့်ဟင်းခါးတွေ ရောင်းခဲ့ဖူးတယ်။ ၉ ရက်နဲ့ အရင်းပြုတ်သွားတယ်။ အဲဒီတော့ မလုပ်ရဲတော့ဘူး လေ။ ကိုယ်နားမလည်တာကို မလုပ်တာဘဲ ကောင်းတယ်လေ။ အဲဒီမှာတင် ကျွန်တော့်မှာ အတွေ့ အကြုံတွေ အများကြီးရသွားတယ်” လို့ လုပ်ကိုင်ဖြစ်ခဲ့တဲ့စီးပွားရေးတွေနဲ့ ပတ်သက်လို့ လူရွှင်တော် ထက်ထက်က ပြောပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေပါးတဲ့ အချိန်တွေမှာ သမီးတွေကို အားကိုးနေရတယ်လို့ သူကဆက်ပြောပြပါတယ်။ သူ့သမီးနှစ်ယောက်စလုံးက ပညာရေးမှာထူးချွန်ကြပြီး အနုပညာကိုတော့ နှစ်ယောက်စလုံးကဝါသနာမပါဘူးလို့လည်း သိရပြန်ပါတယ်။

”ကျွန်တော်ကတော့သူတို့ကို လိုင်းမသွင်းထားဘူး။ ကျွန်တော့် အမျိုးသမီးကအစ မင်းသမီးပါ။ အထူးသဖြင့် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က သမီးနှစ်ယောက်လုံးကို ပညာ တအားတတ်စေချင်တယ်။ အနုပညာကို စော်ကားပြီးလည်း မပြောပါဘူး။ လူရွှင်တော်နဲ့မင်းသမီးက မွေးတဲ့သမီးတွေဟာ ဆရာ ဝန်ဖြစ်ရမယ် အင်ဂျင်နီယာဖြစ်ရမယ်ပေါ့။ အဲဒါသူတို့ငယ်ငယ်လေးကတည်းက ရည်ရွယ်ချက်ထားထား တာပါ” လို့ သမီးတွေနဲ့ပတ်သက်လို့ သူက ပြောပြခဲ့ပါတယ်။

လူရွှင်တော်ထက်ထက်ရဲ့ သမီးကြီးက အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သမီးငယ်ကတော့ နိုင်ငံခြား ဘာသာတက္ကသိုလ်တက်နေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here