သီချင်းတွေကို Cover ပြန်ဆိုတဲ့အခါဘယ်လို စိတ်မျိုးနဲ့ သီဆိုဖြစ်လဲဂျူဝယ်(လ်)

0
543

ဂျူဝယ်(လ်) တစ်ကိုယ်တော် စီးရီးခွေထွက်သင့်နေပြီ။ တစ်ပုဒ်ချင်းစီထွက်လာတဲ့ သီချင်းလေး တွေမှာ ပေါက်နေပြီ။ ဂျူဝယ်(လ်) ဆိုပြီး ပရိသတ်က သိနေကြပြီ။ ဂျူဝယ်(လ်)ရဲ့ အားသာချက်က အသံ ကောင်းတယ်၊ ဆွဲဆောင်မှုရှိတယ်။ ဒါကြောင့်လည်း ‘ဂျူဝယ်(လ်) ဂျူဝယ်(လ်)’ ဆိုပြီးပရိသတ်က ချစ်ခင်အားပေးကြတာကိုး။

”ဒီနှစ်ထဲမှာပဲ ထွက်နိုင်အောင် ကျွန်တော်ကြိုးစားနေပါတယ်။ ကျွန်တော်လည်း ကိုယ်ကိုယ်တိုင် လုပ်ဖို့ဆိုတာထက်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသေးတာပေါ့ နော်။ အဲဒါကြောင့်လည်း မလုပ်ဖြစ် သေးတာပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်းတော့ သေသေချာချာ လုပ်မယ်ဆိုပြီးတော့ လုပ်ဖြစ်နေပါတယ်။ ကိုဝေကြီးသီချင်းတွေလည်းပါမယ်ဗျ။ ပြီးတော့ တခြားကျန်တဲ့ ကျွန်တော့်သူငယ်ချင်းတွေလည်း ပါပါတယ်” လို့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး ဂျူဝယ်(လ်)ကပြောပါတယ်။ ဂျူဝယ်(လ်)ကို ပရိသတ်တွေ သတိ ထားမိကြသေးတာက တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုတဲ့နေရာမှာ တစ်မျိုးတစ် ဘာသာ ကောင်းမွန်နေခြင်းပါ။ မြန်မာလို ပြန်ဆိုတေး၊ အင်္ဂလိပ်လို Cover Song ပေါ့။ Cover ပြန်ဆိုတဲ့အခါ ဂျူဝယ်(လ်)အနေနဲ့ Pressure တွေလည်းရှိမှာပဲ။ ဘယ်လိုစိတ်မျိုးနဲ့ သီဆိုဖြစ်လဲလို့ဆိုတော့ –

”Cover ဆိုတာ အရင်က ကျွန်တော်စဆိုတုန်းက မသိဘူး။ နောက်ပိုင်း အင်္ဂလိပ်သီချင်းတွေ နားထောင်တယ်။ လူငယ်တော်တော်များများကလည်း Cover ဆိုတာကို သဘောပေါက်လာကြတယ်။ အရင်ကတည်းကလည်း နားလည်ပြီးသား သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ ပိုပြီးတော့ နားလည်လာကြတယ်ဆိုတော့ ကိုယ် တိုင်ခံစားပြီးတော့ မတူတဲ့ အသစ်တစ်မျိုးနဲ့ နားထောင်ရတဲ့ ဗားရှင်းလောက်ကိုပဲ စိတ်ထဲမှာ မှတ်ထားတယ်ပေါ့နော်။ တချို့ကျတော့လည်း ရှိတယ်။ မူရင်းနဲ့သွား ယှဉ်ပြီးပြောကြတာတွေလည်း ရှိတာပေါ့နော်။ မူရင်းလောက်မကောင်းဘူး။ မူရင်းထက်ကောင်းတယ်။ ဒါတွေက သူတို့ခံစားချက်ပေါ့နော်။ ခံစားချက် ကတော့ ကျွန်တော်တို့လည်း ဘာမှ သွားဝင်စွက်ဖက်ခွင့် မရှိဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ကျတော့ အဲဒီလောက်အထိ မသွားဘူး။ ကိုယ်သီဆိုနိုင်သလောက် အကောင်းဆုံးသီဆိုတယ်။ ပြီးတော့ ကိုယ်မတူတဲ့ခံစားချက်လေးနဲ့ ပြန်လည် သီဆိုချင်တယ်။ အဲဒီလောက်ပဲရှိတယ် ပေါ့” လို့ ဂျူဝယ်(လ်)ကပြောပြခဲ့ ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here