စက်ကိုရောက်တော့ မင်းအိပ်ပျော်နေတုန်း။ ငါမင်းဘေးမှာ။
မင်းက င့ါပခုံးပေါ်မှာ ခေါင်းငုံ့လို့ အိပ်ပျော်နေတာ။ မင်းဦး ခေါင်းက တစောင်းအနေအထားနဲ့ ငါ့ဦးခေါင်းကိုထိပြီး အိပ် ပျော်နေတာ။ ငါမင်းနဲ့ ဒီလို ခရီးဝေးဝေးတစ်ခါမှ မသွားဖူးဘူး။ ဒရိုင်ဘာက ကားကိုမှန်မှန်မောင်းလာတယ်။ မင်းဦးခေါင်းက ငါ့ဦးခေါင်းကိုထိထားတော့ မင်းခေါင်းထဲမှာ ဘာတွေရှိနေတယ် ဆိုတာ ငါသိရတာပေါ့။ ငါ့ဦးခေါင်း ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ လည်း မင်းသိမှာပေါ့။ စက်စဲကိုရောက်တော့ မင်းအိပ်ပျော် နေတုန်း။ လူတစ်ယောက်အိပ်ပျော်နေချိန်ဟာ အပြစ်အကင်း စင်ဆုံးအချိန်တဲ့။ ဒီကမ္ဘာမှာ ငါဟာမင်းရဲ့ချစ်မေတ္တာကိုရခဲ့သူ ပါ။ ဒရိုင်ဘာဟာ ကားကို အရှိန်မှန်မှန်နဲ့မောင်းတယ်။ သူဟာ ဘယ်မှာမှ မရပ်ဘဲ တစ်သမတ် တည်း မောင်းနေသလိုပဲ။ ထရပ် ကားကြီးတစ်စီးက အရှိန်နဲ့ကျော် တက်သွားတယ်။ ဝေါခနဲ။ ငှက်ကလေးတစ်ကောင် ဖြတ်ပျံသွားတယ်။ ဒရိုင်ဘာက အရှိန် မှန်မှန်နဲ့ မောင်းနှင်လျက်ပဲ။ ငါပြောပြမယ်။ စက်စဲရောက်တဲ့ အထိမင်းက အိပ်ပျော်နေလျက်ပဲကွယ်။ လူတစ်ယောက်က လူ တစ်ယောက်အတွက်ဖြစ်ပေါ်လာရ တာဆိုတာ မင်းဘယ်အချိန်က သိထားတာလဲ။ ပြောပြစမ်းပါ။ လူတစ်ယောက်ဟာ လူတစ် ယောက်အတွက် ဖြစ်ပေါ်လာရတာဆိုတာကို။ ငါတို့စီးလာတဲ့ ကားဟာ စက်စဲမှာ ညအိပ်တယ်။
ဒရိုင်ဘာကပြောတယ်။ ကျွန်တော်တို့ကား ဘိတ်(မြိတ်)ကို နောက်ဆုံးမှဝင်လိမ့်မယ်တဲ့။ ပြာလွင်တဲ့ မိုးကောင်းကင်ကြီး အောက်ဘက်မှာ ကားတစ်စီးဟာ အရှိန်မှန်မှန်နဲ့ ပြေးနေတာ။ သစ်ပင်တွေ၊ အဆောက်အအုံတွေ၊ ဓာတ်တိုင်တွေနဲ့ ကမ္ဘာ့ခေါင် မိုးထက်ကနေ နေလုံးကြီးဟာ တရိပ်ရိပ်ဖြတ်သန်းပေါ့။ အနက် ရောင်ကားတစ်စီးကတော့ အရှိန်မှန်မှန်နဲ့ပြေးနေဆဲပဲကွယ့်။ မင်း ကအိပ်ရေးဝသွားပြီ။ ငါလည်းမှေးစက်နိုင်ခဲ့ပြီ။ ဒရိုင်ဘာက တာဝန်ကျေပွန်စွာ ကားကိုမောင်းနှင်နေဆဲပဲပေါ့။ မင်းဦးခါင်းက ဆံပင်ဖြူဖြူတွေဟာ လေထဲမှာတလှုပ်လှုပ်နဲ့။ ငါက သူခိုးဦးထုပ် ပြားကလေးကိုဆောင်းလို့ မင်းဘေးမှာ။ ငါတို့ပါလာတဲ့ ဘီစကွတ် နဲ့ အချိုရည်ဘူးတွေဟာ မှိုတွေတက်လို့၊ အရောင်တွေ ပြောင်းလို့။ ငါ့အဝတ်တွေဟာ ဆွေးမြည့်လို့။ ဒါပေမဲ့ဒရိုင်ဘာဟာ ကားကို မောင်းနှင်ဆဲပဲကွယ့်။ ဘီစကွတ်ထုပ်ထဲက ပိုးကောင်ကလေးတစ်ကောင် ဟာ တရွရွနဲ့ ငါ့အင်္ကျီပေါ်တက်လာ။
‘ဟော …ဟော’ဆိုပြီး မင်းကပြ တော့ ငါတို့ရယ်ကြတာ။ ငါတို့မှာ သွားတွေမရှိတော့ပေမယ့် တွန့်နေတဲ့ မျက်နှာတွေနဲ့ရယ်နိုင်ကြတယ်။ ဒရိုင်ဘာကတော့ ကားကိုမှန်မှန်ပဲ မောင်းနှင်လို့။ အနက်ရောင်ကြယ်တွေက တဖြည်းဖြည်းရွေ့လို့။ ကား နောက်က အချက်ပြ မီးနီကလေးကို ငါတို့ကားဟာ ဘိတ်(မြိတ်)ကို နောက် ဆုံးမှဝင်တယ်။
နေမျိုး