ကျွန်တော်ရေးခဲ့သော စာအုပ်များ (၉)

0
236

ကျွန်တော်ရေးခဲ့သောဆောင်းပါး များထဲက မြန်မာဘာသာစကား ဆိုင်ရာဆောင်းပါးများကို ‘စကား သမုဒ္ဒရာ စာသမုဒ္ဒရာ’ နာမည်ဖြင့် တစ်အုပ်၊ ‘တစ်သံ နှစ်သံ သုံး လေး သံ’ နာမည်ဖြင့် တစ်အုပ် စုစည်း ထုတ်ဝေခဲ့သည့် အကြောင်း ရှေ့မှာ ဖော်ပြခဲ့ပါသည်။ နောက်တစ်ကြိမ် စုစည်းမိသော ဆောင်းပါးများကို ၂ဝဝ၅ ခုနှစ်တွင် စာတစ်အုပ်ထုတ် ဝေခဲ့ရာ စာအုပ်နာမည်ကို သက်တံ ရောင်စုံဘာသာစကား ဟု ပေးခဲ့ပါ သည်။ ထိုစဉ်က မြန်မာစာဌာနတွင် အမှုထမ်းနေသော တပည့် မသပြေ ဦး (အိုမာဆမ်)က ကျွန်တော့်စာအုပ် တစ်အုပ် ထုတ်ချင်ကြောင်း ပြော သည့်အတွက် သူ့ကို စုစည်းပေးလိုက် ခြင်းဖြစ်ပါသည်။

ထိုစာအုပ်တွင် ဘာသာဗေဒ ပညာရပ်ကို စတင်လေ့လာစ ၁၉၆၆ ခုနှစ်က ငွေတာရီမဂ္ဂဇင်းမှာ ကျွန် တော်ရေးခဲ့သော ဆောင်းပါးတစ်ပုဒ် ပါဝင်သည်။ ဆောင်းပါးခေါင်းစဉ်က သတ်ပုံ၏နေရာ ဖြစ်သည်။ ထို ဆောင်းပါးပေါ်ပေါက်လာရသော နောက်ခံအကြောင်း ရှိပါသည်။ ကျွန် တော်တို့ စာဖတ်ဝါသနာပါစ မဂ္ဂဇင်း များကို မက်မက်မောမောဖတ်နေစဉ် မဂ္ဂဇင်းများတွင် စာလုံးပေါင်းသတ်ပုံ နှင့်ပတ်သက်၍ ဝိဝါဒကွဲမှုများ၊ အငြင်းအခုံများကို ရေးသားသည့် ဆောင်းပါး အများအပြားဖတ်ရပါ သည်။ အချို့သော စာလုံးများကို ယပင့်နှင့် ရေးမှမှန်သည်။ ရရစ်နှင့် ရေးမှမှန်သည်။ တသတ်နှင့် ရေးမှ မှန်သည်။ ပသတ်နှင့် ရေးမှ မှန် သည် စသည်ဖြင့် မိမိတို့၏ အယူ အဆများကို ကဗျာလင်္ကာစပ်ထုံး အထောက်အထားများဖြင့် သက်သေ ပြ၍ အပြန်အလှန်ရေးလေ့ရှိပါသည်။ လေ့လာကြည့်သောအခါ ဤကဲ့သို့ ဆွေးနွေးငြင်းခုံသော ဆောင်းပါးများ ကို ကိုလိုနီခေတ်မှာကတည်းက မြန်မာပညာရှင်များ အပြန်အလှန် ရေးကြသည်ကို တွေ့ရပါသည်။

ထိုကာလတွင် စာတစ်ပုဒ်ကို ၁၉၆၂ ခုနှစ် သြဂုတ်လထုတ် ငွေတာ ရီမဂ္ဂဇင်းတွင် ထူးထူးခြားခြားတွေ့ လိုက်ရပါသည်။ အယ်ဒီတာက သတ် ပုံထက် သဒ္ဒါသည်အဓိက ဟူသော ခေါင်းစဉ်ဖြင့် ‘ခေါင်းကြီးပိုင်း’အဖြစ် ဆွေးနွေးထားခြင်းဖြစ်သည်။ ဆွေး နွေးချက်၏ ဆိုလိုရင်းမှာ သတ်ပုံ သည် အရေးကြီးသော်လည်း သဒ္ဒါ က သတ်ပုံထက် အဆများစွာ ပို၍ အရေးကြီးသည်ကို လက်တွေ့သိရ သောကြောင့် မြန်မာစာရေးရာ၌ သတ်ပုံထက် သဒ္ဒါကို ပို၍ အလေး ပေးသင့်သည်ဟူ၍ဖြစ်ပါသည်။ သာ ဓကများလည်း ပြထားသည်။ ‘ဝန်ကြီး ချုပ်’ကို ‘ဝံကြီးချုပ်’ဟု ရေးမိစေကာမူ တောနက်ကြီးထဲက မည်းမည်းသတ္တ ဝါတို့၏ အကြီးအကဲဟု မည်သူမျှ အဓိပ္ပာယ်ကောက်မည်မဟုတ်။ စာ လုံးပေါင်းသတ်ပုံ အသင့်အတင့် လေ့ လာထားသူတို့အဖို့ ဤအထိ မှားမည် မဟုတ်။ သို့သော် သဒ္ဒါကို ဂရုမပြု ဘဲ ‘ဦးဘနှင့် ဇနီး’ဟု မရေးဘဲ ‘ဦးဘ နှင့် ဇနီးများ’ဟု သဒ္ဒါမှား ရေးမိလျှင် ဦးဘတွင် ဇနီးတစ်ယောက်မက ရှိ သည်ဟု အဓိပ္ပာယ်ထွက်သည့်အတွက် သတ်ပုံမှားခြင်းထက် သဒ္ဒါမှားခြင်း က ပို၍ အရေးကြီးကြောင်း ဆွေး နွေးခြင်းဖြစ်သည်။

ကျွန်တော်သည် ထိုအချက်ကို သဘောတူပါသည်။ ထို့ကြောင့် အမှန်တကယ်ရှိသင့်သည့် သတ်ပုံ၏ နေရာကို ဆန်းစစ်ကြည့်ရန် လိုအပ် သည်ဟု ထင်သည့်အတွက် ယပင့်နှင့် ရရစ်၊ တသတ်နှင့် ပသတ်၊ နသတ် နှင့် မသတ်ဟူသော အတိမ်းအစောင်း မခံသည့် သတ်ပုံများသည်ပင် ရွေ့ လျားပြောင်းလဲမှုများရှိပုံကို သာဓက ဆောင်ပြပြီး သတ်ပုံအလေးထားသူ များသည် သတ်ပုံချည်းတစ်ဖက်သတ် ရှေ့တန်းမတင်ဘဲ သဒ္ဒါအပါအဝင် အခြားကိစ္စများကိုလည်း အာရုံပြုသင့် ကြောင်း ဆွေးနွေးခြင်းဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်မှာ နည်းပြဆရာ ငယ်တစ်ယောက်သာဖြစ်ပါသည်။ ထို ဆောင်းပါးပါလာသောအခါ ဆရာ ကြီး ဦးတင်ဧ (တင်ဧ၊ ရှမ်းပြည်- မြန်မာစာပေပညာရှင်)က ‘ပြောတတ် တယ်’ဟု မှတ်ချက်ချကြောင်း ကြား လိုက်ရပါသည်။ (ထိုစဉ်က မြန်မာ စာလုံးပေါင်းသတ်ပုံကျမ်း မပြဋ္ဌာန်းရ သေးပါ။ ပြဋ္ဌာန်းပြီးသောအခါ သတ် ပုံပြဿနာမရှိတော့သည့်အတွက် သတ်ပုံငြင်းသော ဆောင်းပါးများ မတွေ့ရတော့ပါ။)

ရွှေရုပ်စုံမဂ္ဂဇင်းတွင်လည်း ဘာ သာစကား ဆောင်းပါးများ ရေးခဲ့ပါ သည်။ မြန်မာစကားသံနှင့် မြန်မာ စာအရေးအသားစနစ်တို့ အကြောင်း ဖြစ်ပါသည်။ ချယ်ရီမဂ္ဂဇင်းမှာ ရေး သောဆောင်းပါးများတွင် တံဆိပ်နှင့် တစ်စိတ်ဆိုသော ဆောင်းပါးလည်း ပါဝင်သည်။ ထိုဆောင်းပါးမှာ မိတ် ဆွေပါမောက္ခဆရာမကြီးတစ် ယောက်ပြောသော အဖြစ်အပျက် ကလေးကို ပြန်ရေးခြင်းဖြစ်သည်။ ဇနီးက ရုံးသွားခါနီး ဟင်းချက်နေစဉ် ခင်ပွန်းကို ဈေးသို့ လွှတ်သည်။ ဘူး သီးတစ်စိတ်နဲ့ တံမြက်စည်းတစ် ချောင်း ဝယ်ခဲ့ပါ’ဟု မှာလိုက်သည်။ ယောက်ျားက တော်တော်နှင့် ပြန်မ လာ။ မိန်းမကလည်း ယောက်ျား အချိန်မီမရောက်၍ စိတ်တိုနေသည်။ ထိုစဉ် ယောက်ျားက မောကြီးပန်းကြီး နှင့် ပြန်လာပြီး ”မင်းမှာလိုက်တဲ့ ဘူး သီးတံဆိပ်နဲ့ တံမြက်စည်းလိုက်ရှာ တာတွေ့လည်း မတွေ့ဘူး”ဟု ပြော ရာမှ လင်မယားရန်ဖြစ်ကြတော့သည် …တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပင် ‘တစ်စိတ်’နှင့် ‘တံဆိပ်’မှာ အသံထွက် လျှင် ‘ဒဇိတ်’ဟု ထွက်ရသည့်အတွက် အသံထွက်ချင်းတူသည်ကို အကြောင်းပြုပြီး တစ်ယောက်တစ်မျိုး အဓိပ္ပာယ် နားလည်နေခြင်းဖြစ်သည်။ အလားတူ သင့်လျော်ရာရာ ဘာသာ စကားဆောင်းပါးများကို စုစည်းလိုက် သောအခါ ‘သက်တံရောင်စုံ ဘာသာ စကား’ ပုံ ပေါ်လာပါသည်။

နောက်တစ်အုပ်အမည်က မိန်း မယောက်ျား ထိုစကား ဖြစ်သည်။ ဆောင်းပါးတစ်ပုဒ်၏ခေါင်းစဉ်ကို စာအုပ်အမည်အဖြစ် သုံးထားခြင်း ဖြစ်သည်။ ယောက်ျားနှင့်မိန်းမစကား ပြောပုံချင်း ကွာခြားပုံကို လူမှုဘာ သာဗေဒအမြင်ဖြင့် နှိုင်းယှဉ်လေ့လာ သည့်အကြောင်းကို မိတ်ဆက်ထား ခြင်းဖြစ်သည်။ လူကို မမြင်ရဘဲ အသံကြားရုံဖြင့် ယောက်ျားအသံနှင့် မိန်းမအသံ ခွဲခြားနိုင်ပုံကစ၍ မိန်းမ က ယောက်ျားထက် ပို၍ ကနွဲ့ကလျ ပြောတတ်ပုံ၊ ပြောပုံဆိုပုံ ပို၍ယဉ် ကျေးတတ်ပုံ ယောက်ျားများက ကမ္ဘာ့အရေး၊ နိုင်ငံရေးကိစ္စများကို ပို ပြောတတ်ကြပြီး မိန်းမများက အိမ်မှု ကိစ္စဆိုင်ရာ စကားများကို ပို၍ပြော တတ်ကြပုံစသည်တို့ကို ဖော်ပြထား ခြင်းဖြစ်သည်။

ဤစာအုပ်တွင် အတ္တဗေဒနှင့် လက်တွေ့အတ္တဗေဒ၊ ရေးဟန်ပညာ၊ လူမှုဘာသာဗေဒ၊ စိတ်ဘာသာဗေဒ၊ သင်္ကေတဗေဒတို့ကို မိတ်ဆက်သော ဆောင်းပါးများ စုစည်းထားသည်။ စာအုပ်နာမည်အောက်တွင် ‘ဘာသာ စကား လေ့လာမှု မျက်နှာစာသစ်များ’ ဟု ခေါင်းစဉ်ငယ်တပ်၍ မိတ်ဆက် ထားပါသည်။ ၂ဝဝ၇ ခုနှစ်တွင် ဦး သိန်းဦး၏ သီဟရတနာစာအုပ်တိုက် က ထုတ်ဝေခဲ့ပါသည်။

အကောက်ခွန်ဂျာနယ်တွင် စကားပြေဆရာတစ်ယောက်စီကို မိတ်ဆက်သည့် ဆောင်းပါးများ လစဉ်ရေးခဲ့သည်။ ဝတ္တုတို၊ ဝတ္တုရှည်၊ ဆောင်းပါး၊ ရသစာတမ်းစသည့် စကားပြေများ အရေးကောင်းသော ဆရာကြီးများ၏ လက်ရာများနှင့် စာအရေးအသားဆိုင်ရာ အဆိုအမိန့် များကို မိတ်ဆက်သည့် ဆောင်းပါး များဖြစ်သည်။ ပီမိုးနင်း၊ ဦးဖေမောင် တင်၊ ရွှေဥဒေါင်း၊ ဦးဖိုးကျား၊ သိပ္ပံ မောင်ဝ၊ ဇေယျ၊ သခင်ဘသောင်း၊ ဒေါက်တာမောင်ဖြူး၊ ဦးတင့်ဆွေ၊ ဇော် ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဇဝန၊ တက်တိုး၊ တက္ကသိုလ်မောင်မောင်ကြီး၊ သိန်းဖေမြင့်၊ သော်တာဆွေ၊ ဒဂုန် တာရာ၊ တိုက်စိုး၊ တက္ကသိုလ်ဘုန်းနိုင် ဟူသော စကားပြေဆရာ ၂ဝ ၏ လက်ရာများနှင့် စာရေးသားမှုဆိုင် ရာ အယူအဆများကို ဖော်ထုတ်ပြ ထားသည်။ ကိုဟန်သာသူနှင့် ကိုစန်း ဦး (အကောက်ခွန်)တို့က ၂ဝဝ၇ ခုနှစ်တွင် ဖူးပွင့်သစ် စာပေမီဒီယာ မှ ထုတ်ဝေရန် စီစဉ်သောအခါ နှစ် ဆယ်ရာစု စကားပြေဆရာများ ဟု ခေါင်းစဉ်ပေးလိုက်ပါသည်။ စကား ပြေဆရာတစ်ဦးစီ၏ ကောက် ကြောင်း ပုံတူများဖြင့် လှလှပပ စီစဉ် ထုတ်ဝေထားပါသည်။

မြန်မာစာသင်ကြားနေသော ဆရာဆရာမများအတွက် အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ စကား ပြေသင်ကြားရေး ကဗျာသင်ကြား ရေး၊ စာစီစာကုံးသင်ကြားရေး စာ အုပ်များကို ၁၉၉ဝ ကျော်ပိုင်းက ထုတ်ဝေခဲ့ပါသည်။ အထူးသဖြင့် စာ စီစာကုံးသင်ကြားရေး (၁၉၉၂) မှာ ပညာတန်ဆောင်မဂ္ဂဇင်းတွင် လစဉ် ရေးသားခဲ့သော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်သည်။ ဆက်စပ် နေသော အကြောင်းတစ်ခုကို နောက်ကြောင်းပြန်လိုပါသည်။ ကျောင်းသားများ စာစီစာကုံးရေး သားရာတွင် နမူနာရစေရန် ရည်ရွယ် ၍ စာစီစာကုံးစာအုပ်များ ထုတ်ဝေ ကြရာ တစ်ချိန်က ကျွန်တော်လည်း ပါဝင်ရေးသားခဲ့ပါသည်။ သို့သော် စာစီစာကုံးစာအုပ်များကို ကျောင်း သားများက နမူနာယူစရာဟုသဘော မထားဘဲ အလွတ်ကျက်စရာအဖြစ် သဘောထားပြီး အလွတ်ကျက်သည့် အလေ့မျိုး ကျယ်ပြန့်လာသည့် အတွက် ထိုအလေ့ကို အားမပေးနိုင် သည့်အတွက် စာစီစာကုံးစာအုပ်များ တွင် ဝင်မရေးတော့ပါ။ တောင်းလျှင် လည်း အကျိုးအကြောင်းပြောပြီး ငြင်းခဲ့ပါသည်။ စာစီစာကုံးများ အဆင်သင့်ရေးပြခြင်းထက် စာစီစာ ကုံးရေးတတ်အောင် ဆရာဆရာမ များက သင်ကြားရာတွင် အထောက် အကူဖြစ်အောင် ဆွေးနွေးလမ်းညွှန် ခြင်းက ပို၍အကျိုးရှိမည်ဟု ယူဆ သည့်အတွက် စာစီစာကုံးသင်ကြား ရေးဆောင်းပါးများ ရေးခဲ့ခြင်းဖြစ်ပါ သည်။ စာစီစာကုံးရေးစရာ စိတ်ကူး ရအောင်၊ အချက်အလက်ရအောင် စူးစမ်းပုံကစ၍ ပေးထားသောခေါင်း စဉ်နှင့်အညီ ကိုယ့်စိတ်ကူးစိတ်သန်း ကို ကိုယ်ပိုင်အရေးအသားဖြင့် ရေး တတ်အောင် ဆွေးနွေးလမ်းညွှန်ထား ခြင်းဖြစ်ပါသည်။

စကားပြေများ ကဗျာများ သင် ကြားရာတွင်လည်း ပါဝင်သော ဂုဏ်၊ အလင်္ကာ၊ ရသတို့ကို မှန်မှန်ကန်ကန် ကောက်ယူနိုင်စေရန်၊ ဖော်ထုတ်နိုင် စေရန် ဆရာ ဆရာမများအတွက် ရည်ရွယ်ပြီး ဂုဏ်အလင်္ကာ ရသသင် ကြားရေး ဆောင်းပါးများကို ပညာ တန်ဆောင်မဂ္ဂဇင်းမှာပင် ဆက်လက် ရေးသားပြီး ၂ဝဝ၉ ခုနှစ်တွင် ပညာ တန်ဆောင်က ထုတ်ဝေခဲ့ပါသည်။ မြန်မာစာ သင်ကြားနေသော ဆရာ ဆရာမများအတွက် တစ်ဖက်တစ် လမ်းက အထောက်အကူပြုစေရန် ရည်ရွယ်ရေးသားသော စာအုပ်များ ဖြစ်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here