အနုပညာအလုပ်တွေ နားလိုက်ရင် ဘာသာရေး ပိုလုပ်ဖြစ်မယ်ထွန်းအိန္ဒြာဗို

0
268

အနုပညာလောကမှာ ၂၇ နှစ်ကျော်တိုင်အောင် အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက အခု အချိန်မှာတော့ သူ့ရဲ့စိတ်ထဲမှာ အနုပညာအလုပ်တွေကို စွန့်လွှတ်ချင်စိတ်တွေ ဖြစ်ပေါ်နေပါတယ်။ အနုပညာအလုပ်တွေ ရပ်နား ဖြစ်ခဲ့ရင် ဘာသာရေးအလုပ်တွေကိုပဲ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

”အမှန်အတိုင်းဝန်ခံရရင် အနု ပညာအလုပ်ကိုတောင်မှ စွန့်ချင်နေပါပြီ။ စွန့်တယ်ဆိုတာ ကိုယ်တိုင် သီချင်းဆိုဖို့၊ ကိုယ်တိုင်သရုပ်ဆောင် ဖို့ကိုပါ။ ကျွန်မအသက်အရွယ်နဲ့ ကျွန်မ တရားအားထုတ်ချင်စိတ်က ပိုများတယ်။ ဒါပေမဲ့ မကင်းရာမကင်းကြောင်းတွေနဲ့ စွန့်လို့မရတဲ့အကြောင်းတရားတွေနဲ့ ကျွန်မမှာ အချုပ်ခံနေရပြီးတော့ ဒီလိုပဲ လိမ်ဖယ် လိမ်ဖယ်နဲ့တော့ ဝင်နေရတာပေါ့။ ဘာသာရေးကိုတော့ တွဲပြီးလုပ်ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်လည်း နားဖို့အရွယ်တော့ ရောက်နေပါပြီ။ နားဖြစ်ရင်လည်း ဘာသာရေးပဲ လုပ်ဖြစ်မှာပါ။ ချမ်းသာလွန်းလို့တော့ မဟုတ်ပါဘူး။ လုပ်သင့်တာကို လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပိုပြီးခိုင်မာပါတယ်” လို့ပြောပါတယ်။

ထွန်းအိန္ဒြာဗိုရဲ့ ပရိသတ်တွေကတော့ အနုပညာအလုပ်တွေရပ်နားမှာကို စိုးရိမ်နေကြသလို ဝမ်း လည်းနည်းကြပါတယ်။ နှစ် ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ အနုပညာတွေကိုလည်း နှမြော နေကြပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေကို တောင်းပန်စကားဆိုတဲ့ ထွန်းအိန္ဒြာဗိုက-

”ကျွန်မပရိသတ်တွေကတော့ အဲဒီအကြောင်းပြောရင် မကြိုက်ကြဘူး။ ဒါပေမဲ့ လည်း ကျွန်မချစ်ပရိသတ်တွေ အားလုံးကို တောင်းပန်ပါတယ်။ ဒါက ရှောင်လွှဲလို့ လည်း မရသလို၊ ငြင်းလို့လည်း မရပါဘူး။ အသက်အရွယ်ကြောင့်ပါ” လို့ ပြောပါ တယ်။ ထွန်းအိန္ဒြာဗိုက ခိုင်သင်းကြည်၊ ခန့်စည်သူတို့နဲ့အတူ ပူးပေါင်းပြီး ခသုံးလုံး ထုတ်လုပ်ရေးကို တည်ထောင်ထားပါသေးတယ်။ အနုပညာအလုပ်တွေ နားဖြစ်ခဲ့မယ် ဆိုရင်လည်း ထုတ်လုပ်ရေးကိုတော့ ဆက်လုပ်ဖြစ်ဦးမှာဖြစ်ကြောင်းကို ထွန်းအိန္ဒြာဗိုက

”ထုတ်လုပ်ရေးကတော့ လုပ်ဖြစ်မှာပါ။ စီးပွားဖြစ်ဆိုတာထက် သူငယ်ချင်းတွေ စုစည်းမှုလည်းဖြစ်တယ်။ နောက်ပြီး ဒီအနုပညာလောကက ညီအစ်ကို မောင်နှမတွေ နဲ့လည်း ထိတွေ့နေမယ်။ မကွဲကွာသွားတော့ဘူး။ တစ်ခါတရံတွေ့ချင်လည်း တွေ့ ဖို့လွယ်တယ်ဆိုတဲ့ ကိုယ့်အသိုင်းအဝိုင်းတည်ဆောက်ဖို့ လွယ်တယ်ဆိုတဲ့ ကိုယ့် အသိုင်းအဝိုင်းတည်ဆောက်တဲ့ သဘောမျိုးနဲ့လည်း သွားမှာပါ။ စီးပွားဖြစ်ကြီး တော့လည်း မစဉ်းစားပါဘူး။ မရှုံးရင် ရပါပြီ” လို့ဆိုပါတယ်။ အခုလက်ရှိမှာ တော့ ထွန်းအိန္ဒြာဗိုက ‘အောက်ဖဲမလှန်ကြေး’ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့ပြီး စင် ကာပူနိုင်ငံက အနုပညာကျောင်းဆင်း လူငယ်များနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့လည်း လက်ခံထားကြောင်း သိရပါတယ်။

 

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here