နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆွေးနွေးဖလှယ်ခွင့်ရမှုတွေဟာ အတွေးသစ်တွေကို ဖြစ်စေတယ်ဒါရိုက်တာ စင်ရော်မောင်မောင်

0
222

အိန္ဒိယနိုင်ငံ၊ Guwahati မြို့မှာ ကျင်းပလျက်ရှိတဲ့ ဒုတိယအကြိမ် Guwahati နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရောက်ရှိနေတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က ဒီလိုပွဲတော်တွေ တက်ရောက်ပြီးတိုင်း အတွေးသစ်အမြင်သစ်တွေ အများကြီး ရရှိပြီး ယူတတ်မယ်ဆိုရင် အင်မတန်ကောင်းတဲ့ အတွေးသစ်တွေဖြစ်ကြောင်း အခုလိုပြောပါတယ်။

”ယဉ်ကျေးမှုတွေ မတူတော့ အယူအဆတွေလည်း ကွဲတာပေါ့။ သူတို့အားသန်တာနဲ့ ကျွန်တော်တို့ အားသန်တာက မတူကြဘူး။ ပြသတဲ့ ဇာတ်လမ်းတွေအားလုံးက အယူအဆ၊ အဓိပ္ပာယ်တွေက သာမန်ထက် ကောင်းမွန်ကြတော့ ကြည့် ရတာ အကုန်ကောင်းတယ်။ ဒီပွဲမှာ ဥရောပ၊ အာရှ၊ ဂျပန်၊ ကိုရီးယားတို့က ဇာတ်ကားတွေ လာရောက်ပြသကြပြီး အဲဒီက ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ၊ အမြင်တွေ ဖလှယ်လို့ ရခဲ့တဲ့အတွက် ပိုပြီး မျက်စိပွင့်၊ နားပွင့်ဖြစ်ပြီး တင်ဆက်မှုအသစ်တွေ ပိုလုပ်ဆောင်နိုင်တာပေါ့။ ကျွန်တော်တို့ ဇာတ်ကား ပိုစတာတွေကိုလည်း မြို့ထဲမှာ လေးနေရာလောက် ချိတ်ပေးထားတော့ ကြော်ငြာပြီးသားဖြစ်တာပေါ့” လို့ ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပါတယ်။

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေ မှာ ရုပ်ရှင်ဇာတ်ကားတွေ ပြသချင်ရင် ကိုယ်တိုင်လည်း ချိတ်ဆက်လို့ရသလို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ကနေ ချိတ်ဆက်လို့လည်း ရနိုင်ကြောင်း သူက ဆက်လက် ပြောပါတယ်။ ပြသချင်တဲ့ ရုပ်ရှင်ဇာတ်ကားမှာ အင်္ဂလိပ်စာတန်းထိုးထားရမှာဖြစ်ပြီး 4K Hard Disk နဲ့ ပေးရမှာဖြစ်ပါ တယ်။ ဇာတ်ကားကို အစမ်းကြည့်ရှုဖို့အတွက် လျှို့ဝှက်ကုတ်နံပါတ်ကို မကြည့်ခင်လေးမှာ လှမ်းပို့ပေးရပြီး ရုပ်ရှင်ပွဲတော် တာဝန်ရှိသူတွေဘက်က ကြည့်ပြီးပြီဆိုရင် ကုတ်ကို လှမ်းပိတ်လိုက်တယ်လို့ ဆိုပါတယ်။

”ဒီပွဲနဲ့ ကျွန်တော်ချိတ်ဆက် မိတာက အရင်တစ်ခါ နယူးဒေလီမြို့မှာ လုပ်တဲ့ပွဲတုန်းက ကျွန်တော့်လိပ် စာကတ်ပေး ခဲ့တယ်။ သံရုံးကလည်း ကူညီပေးလို့ ကျွန်တော့်ဇာတ်ကားကို ပို့ကြည့်တာမှာ သူတို့က သဘောကျပြီး ပွဲတော်မှာ ပြသ ခွင့်ရခဲ့တာပါပဲ” လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပြခဲ့ပါတယ်။

ဒုတိယအကြိမ် Guwahati နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုတော့ အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ ကျင်းပလျက်ရှိပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံသားများ ကလည်း ‘ထာဝရအမေ’ ဇာတ်ကားကို ခံစားချက်အပြည့်နဲ့ အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here