သားကို မိုရီဆာကီဝင်းလိုမျိုး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်စေချင်တယ် ပတ္တမြားကေခိုင်

0
220

ဂရိတ်ဦးဘိုးစိန်ရဲ့ မျိုးဆက်တစ်ဦးဖြစ်တဲ့ ပတ္တမြားကေခိုင်က အဘိုးရဲ့ အနုပညာကို အမွေခံထားတဲ့သူပါပဲ။ သူဟာငယ်စဉ်ကတည်းက ပြဇာတ်မှာ လည်းကပြခဲ့ဖူးသလို အခုလက်ရှိမှာလည်း ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကို တည်ထောင်ထားသူပါ။ သူ့ရဲ့သားဖြစ်တဲ့ ထွန်းဝီရကလည်း အဘိုးနဲ့ အမေဖြစ်သူရဲ့ အနုပညာသွေးပါသူပီပီ ငယ်စဉ်ကတည်းက ရုပ်ရှင်ဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အခု အချိန်မှာတော့ ထွန်းဝီရ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ပြီးပြီဖြစ်တာကြောင့် သူလုပ်ကိုင်ချင်တဲ့ အနုပညာကိုလည်း မိခင်ဖြစ်သူ ပတ္တမြားကေခိုင်က ပံ့ပိုးပေးသွားဖို့ အဆင်သင့် ရှိနေပါတယ်။ မိခင်ဖြစ်သူရဲ့ ဆန္ဒကတော့ သားဖြစ်သူကို ပြည်ပနိုင်ငံ တစ်ခုခုမှာ အနုပညာနဲ့ပတ်သက်လို့ သွားရောက်သင်ကြားစေချင်တဲ့ ဆန္ဒတွေ ရှိလို့နေပါတယ်။

”အခုခေတ်ကကလေးတွေ ပေါ်ပြူလာ ဖြစ်လာဖို့က တအားလွယ်ကူတယ်။ ဆိုရှယ်မီဒီယာ ရှိနေတာကိုး။ တခြားအနုပညာအလုပ် မလုပ်ဘူးဆိုရင်တောင် သူတို့ရဲ့ စတိုင်လ်လေးတွေ ကြည့်လို့ကောင်းနေမယ်ဆိုရင် လူသိသွားဖို့ပေါ်ပြူလာဖြစ်ဖို့လွယ်တယ်။ အစ်မစဉ်းစားနေတာက သားသည်အမှန်တကယ် အနုပညာကို ဝါသနာပါလို့ လုပ်ချင်တယ်ဆိုရင် Movie Industry ကောင်းကောင်း ဖွံ့ဖြိုးနေတဲ့ နိုင်ငံတစ်ခုခုကို ပညာသင်ဖို့ လွှတ်မယ်ပေါ့။ အမေရိက ဖြစ်ရင်ဖြစ်မယ်၊ ကိုရီးယားဖြစ်ရင် ဖြစ်မယ်၊ ဂျပန်ဖြစ်ရင်ဖြစ်မယ်။ ပေါ်ပင်ပေါ်ပြူလာဖြစ်ချင်တဲ့စိတ်နဲ့ အနုပညာလုပ်ချင်တယ်ဆိုတာမျိုးကိုလည်း အစ်မ မဖြစ်စေချင်ဘူး။ သူ့ကိုလည်း မေးနေတယ်။ သားက တကယ်ခံယူပြီလားပေါ့။ မျိုးရိုးကရှိတဲ့အခါကျတော့ အနုပညာအသွေးအသားကတော့ ပါနေမှာပဲ။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းရပ်တည်မှုကို အဲဒီလိုဖြစ်ချင်ပြီဆိုရင် သေချာလုံလောက်တဲ့ ဆည်းပူးမှုကိုသွားလုပ်ပါ။ ပြီးရင် အစ်မမျှော်လင့်တာကတော့ မိုရီဆာကီဝင်းတို့လိုပေါ့လေ။ အဲဒီနိုင်ငံမှာပဲ ရပ်တည်ပြီးတော့ ကိုယ့်မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ဘဲ နဲ့ နိုင်ငံအနှံ့ ရပ်တည်လို့ရတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့အထိကို ရည်မှန်းစေချင်တယ်။ ကိုယ့်နိုင်ငံထဲမှာပဲ ရောင့်ရဲတာမျိုး မဟုတ်ဘဲနဲ့ပေါ့။ သားကိုအဲဒီလမ်း ကြောင်း လေးသွားဖို့အတွက်ကိုတော့ ရည်ရွယ်ထားပါတယ်” လို့ သားဖြစ်သူနဲ့ပတ်သက် လို့ သူ့ရဲ့ဖြစ်စေလိုမှုကိုပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here