ဦးလေးဖိုးချစ်ကို စိတ်မဆိုးရက်ဘူးဆိုတဲ့သဘင်မင်းသား ဟွန်းနောင်နောင်

0
157

မြို့ရွှေမန်းသားဖိုးချစ်ရဲ့ တူတစ်ဦးဖြစ်တဲ့ သဘင်မင်းသား ဟွန်းနောင်နောင်ဟာ ငယ်စဉ်ကတည်းက ဦးလေးဖြစ်သူကို အားကျမှုတွေကစိတ်ထဲမှာ ကိန်းအောင်းနေခဲ့တာပါ။ သို့ပေမယ့်လည်းသူက ငယ်စဉ်က ဇာတ်ကိုဝါသနာမပါခဲ့ပါဘူး။ ဝါသနာ မပါခဲ့ပေမယ့်လည်း ဦးလေးဖြစ်သူရဲ့ဇာတ်မှာပါဝင်ကပြရင်းနဲ့မှ ဇာတ်သဘင်ကိုချစ်မြတ်နိုးတတ်လာခဲ့ပါတယ်။

”ကျွန်တော်ကဦးလေးကိုချစ်လို့ ဝိုင်းကူရင်းကူရင်းနဲ့မှ ဇာတ်ကို ဝါသနာပါခဲ့ပါပြီ။ ဦးလေးကို အားကျရတဲ့အပိုင်းတွေ က အများကြီးပါပဲ။ ဦးလေးရဲ့ခြေဖျားကိုတောင် ကျွန်တော်မမီပါဘူး။ ကျွန်တော်တို့က ဦးလေးအောင်မြင်တဲ့အချိန်ကျမှ သူ့ရဲ့ဘေးနားကိုရောက်လာတာပါ။ ဒါကြောင့် သူ့ရဲ့အရိပ်တွေက ကျွန်တော်တို့မှာအများကြီးအုပ်မိုးနေပါ တယ်။ ကျွန်တော်တို့က လူငယ်ဆိုပေမယ့် သူ့လိုလိုက်မလုပ်နိုင်ဘူး။ သူကတော်ကိုတော်တယ်” လို့ ဦးလေး ဖြစ်သူနဲ့ပတ်သက်လို့ ဟွန်းနောင်နောင်ကပြောပြပါတယ်။

ဦးလေးက တကယ့်ကိုနိုင်ငံကျော် အနုပညာရှင် ကြီးတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်လည်း သူ့အနေနဲ့ ဂုဏ်ယူစိတ်ဖြစ်မိသလို ဖိုးချစ်ရဲ့တူဖြစ်နေတဲ့ အတွက်လည်း အနုပညာလောကမှာ ရပ်တည်ရတာမျက်နှာမငယ်ရဘူးလို့ သူကဆက်ပြောပါတယ်။ သူရှေ့ဆက်လျှောက်လှမ်းမယ့် အနုပညာလမ်းကြောင်းကိုလည်း ဦးလေးရဲ့လမ်းပြမှုတွေနဲ့ပဲ တက်လှမ်း သွားမှာဖြစ်ပြီး ဦးလေးမကြိုက်တာတွေလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဟွန်းနောင်နောင်က ပြောပါတယ်။

”တစ်ခါတလေကျရင် ကျွန်တော်တို့က လူငယ်ဆိုတော့ လိုချင်တာကို ပူဆာလေ့ရှိတယ်။ ဦးလေးက ဒါမဝယ်ဘူးပေါ့။ တစ်ခါတလေစိတ်ဆိုးချင်တယ်။ ဒါပေမဲ့ စိတ်မဆိုးရက်ဘူး။ သူ့နားမှာ နေတော့ ကျွန်တော်တို့က သူ့ရဲ့အခက်အခဲကိုသိတယ်။ သူကအများအတွက် အလုပ်လုပ်ပြီးတော့ သူ့ကိုယ်သူ ခိုင်းနေတာလေ။ ကျွန်တော်တို့ကိုမလုပ်ပေးနိုင်တာတွေကို သူ့ကိုသွားပြီး စိတ်ဆိုးလို့မရဘူး။ တစ်ခါတလေ စိတ်မကောင်းဖြစ်တာပေါ့။ ဦးလေးကငါတို့ကျတော့မလုပ်ပေးဘူးပေါ့။ ဒါပေမဲ့ တကယ် တမ်း ပြန်တွေးကြည့်တော့ သူကကျွန်တော်တို့ထက် အများကိုလုပ်ပေးနေတာဆိုတော့လေ” လို့ ဦးလေးဖြစ်သူအပေါ် နားလည်တဲ့ တူတစ်ယောက်ရဲ့ စိတ်ထားကို ဟွန်းနောင်နောင်က ပြောပြပါတယ်။

ဦးလေးဖြစ် သူဖိုးချစ်လို အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပေမယ့် ဦးလေးဖြစ်သူလိုတော့ ဖြစ်မှာမဟုတ်တာတော့ ကျိန်းသေပါတယ်လို့ သူက ပြောခဲ့ပါသေးတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here