ကျော်ရဲအောင်နဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အခါ ပညာတွေအများကြီးရတယ် နေခြည်ဦး

0
150

သရုပ်ဆောင်ဘက်မှာပါ ပရိသတ်အားပေးမှုတွေရရှိနေတဲ့ Beauty Blogger နေခြည်ဦးဟာ လတ်တလောမှာ ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးနေတဲ့ ‘အောက်ဖဲမလှန်ကြေး’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဟာသဇာတ် ရုပ်ဖြစ်လို့ အစပိုင်းမှာစိတ်ပူနေခဲ့တဲ့ နေခြည်ဦးဟာ တကယ်တမ်း သရုပ်ဆောင်ရတဲ့အခါ မှာ အဆင်ပြေပြေဖြစ်ခဲ့ပြီး ဝါရင့်သရုပ်ဆောင်ကျော်ရဲအောင်နဲ့ တွဲဖက်သရုပ် ဆောင်ရတဲ့အတွက်လည်း ပညာတွေအများကြီးရတယ်လို့ အခုလိုပဲ ပြောပြခဲ့ ပါတယ်။

”ဒီဇာတ်ကားက နေခြည့်အတွက် ပထမဦးဆုံးပါဝင်ရိုက်ကူးတဲ့ ဟာသဇာတ်ကားပါ။ ဒီဇာတ်ကားထဲမှာ အကုန်လုံးက နေခြည့်ကို သင်ပေး ကြတယ်။ နေခြည်လုပ်တဲ့ သရုပ်ဆောင်မှုလေးတွေကို အကုန်လုံးက ရယ်ကြတယ်။ အဲဒီအတွက်လည်း နေခြည်ပီတိဖြစ်မိတယ်။ အားလည်း တက်တယ်။ နေခြည်မရိုက်ကူးခင်ကတည်းက စိတ်ပူနေတာ။ ဟာသဇာတ် ရုပ်ရိုက်ကူးရမှာဖြစ်တဲ့အတွက် ကိုယ်ကလည်း အရင်ကတည်းက ဟာသဆိုရင်ကို မလုပ်တတ်တာလေ။ ဒါပေမဲ့ နေခြည်က ဒီဇာတ်ကားထဲမှာ ကိုကျော်ရဲအောင်နဲ့ တွဲသရုပ်ဆောင်ရတာ။ ကိုကျော်ရဲအောင်က ဟာသ ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်ရင် တအားရယ်ရတာလေ။ အဲဒီတော့ ကိုကျော်ရဲအောင်နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ရအခါ ပညာတွေအများကြီး ရတယ်။ အကုန်လုံးကလည်း လက်တွဲခေါ်တဲ့အတွက် ကျေးဇူးတင်တယ်” လို့ နေခြည်ဦးက ပြောပါတယ်။

Beauty Blogger တစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ဖက်ရှင် ဒီဇိုင်းတွေကိုကော ဘယ်လိုရွေးချယ် ဝတ်ဆင်ဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာတော့ နေခြည်ဦးက. . .

”နေခြည်က အဝတ်အစားနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုအပြည့်ရှိတယ်။ နေရာဒေသအလိုက် ဘယ်လိုဝတ်ရမလဲဆိုတာလည်း ကိုယ်နားလည်တယ်။ ကောင်း ကောင်းလည်း အဲဒါကို အသုံးချတတ်တယ်။ ဘုရားကျောင်းကန် သွားတယ်၊ ကောင်းမှု ကုသိုလ်လုပ်တယ်ဆိုရင် မြန်မာအင်္ကျီက အလိုက်ဖက်ဆုံးပေါ့နော်။ ကမ်းခြေသွားရင် လည်း ကမ်းခြေနဲ့လိုက်ဖက်တဲ့ အင်္ကျီပေါ့နော်။ ကိုယ့်အနေနဲ့ ကိုယ်ဘာဝတ်ဝတ် ယုံကြည် မှုရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်နေတဲ့အတွက်ကြောင့် နေခြည့်အတွက် ဘယ်နေရာမဆို အဆင်ပြေတယ်။ မြန်မာဝတ်စုံဝတ်ဆင်ရတော့ ပိုပြီးဂုဏ်ယူတာပေါ့။ နေခြည်ကဝတ်ရင် ကိုယ်ကြိုက်တာဝတ်တာလေ။ သူများပွဲသွားတော့ ရိုးရိုးလေးဖြစ် နေတော့ပွဲရှင်ပိုပေါ်တာပေါ့။ အဲဒီတော့ နေရာဒေသအပေါ်မူတည်ပြီး နေခြည်ဝတ် တတ်တယ်”လို့ ပြောပါတယ်။

နေခြည်ဦးဟာ သူပထမဦးဆုံးသရုပ်ဆောင်ထားတဲ့ ‘ရန်သူ’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးက ရုံတင်တော့မှာဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ် ရှားနေတယ်လို့လည်း သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here