မင်းသွေးမရှိတာ လက်မောင်းတစ်ဖက် ပြုတ်သွားသလို ခံစားရတယ် မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်

0
178

ပရိသတ်ရဲ့ အချစ်တော် သရုပ်ဆောင်၊ အဆိုတော် မင်းသွေး ကွယ်လွန်ခဲ့တာဟာ နိုဝင်ဘာလ ၃ ရက်နေ့က တစ်လပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ခြင်း တစ်လပြည့် အတွက် မိသားစုဝင်တွေက နေအိမ်မှာ သံဃာတော်တွေ ပင့်ဖိတ်ပြီး ပရိတ်တရားတော်တွေ နာကြားကာ ဆွမ်း၊ သင်္ကန်းကပ်လှူပူဇော်ခဲ့ပါတယ်။ အနုပညာလောကထဲမှာ လူချစ်လူခင် များတဲ့ မင်းသွေးဟာ ဘုရားတရား လုပ်ရင်း၊ ပရဟိတတွေလုပ်ရင်း ဘဝကို အေးအေးချမ်းချမ်း ဖြူဖြူ စင်စင် ဖြတ်သန်းခဲ့တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ မင်းသွေး ရုတ်တရက် ကွယ်လွန်သွားတဲ့ အချိန်မှာ မိသားစုဝင်တွေ အလွန်ကြေကွဲဝမ်းနည်းခဲ့ရပြီး လက်မောင်း တစ်ဖက် ပြုတ်သွားသလို ခံစားရတယ်ဆိုတဲ့ အကြောင်းကို မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်(အရီး)က အခု လိုပဲ ပြောပြခဲ့ပါတယ်။

”ညီလေးငယ် (မင်းသွေး) အတွက် အရီးတို့ အလှူ တွေ အများကြီး လုပ်သွားမှာပါ။ သားလေးတစ်ယောက်က အခုလို ကွယ်လွန်သွားတော့ အရီးလက်မောင်းတစ်ဖက် ပြုတ်သလိုပဲ။ တအားလည်း ခံစားရတယ်။ ညီလေးငယ်က ဘုရားတရားတွေ တအားလုပ်တာ။ အဲဒီလို ကောင်းမှု ကုသိုလ်တွေ အများကြီးလုပ်ခဲ့တော့ ကောင်းရာ၊ ဘုံဘဝ မှာ အေးအေးဆေးဆေးနေနိုင်မှာပါ။ ကွယ်လွန်သွားပြီဖြစ် တဲ့ မင်းသွေးရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ အရီးတို့ကို ဘုရားဖူးပို့ ပေးမယ်ဆိုတဲ့အတိုင်း ညီလေးငယ်ရဲ့ အနုပညာကြေးရတဲ့ ပိုက်ဆံတချို့နဲ့ အရီးတို့ မိသားစု ဗုဒ္ဓဂယာ ဘုရားဖူးသွား ဖို့လည်း လုပ်ထားတယ်။ သူ့အဖေကလည်း ဗုဒ္ဓဂယာ ရောက်ရင် ညီလေးငယ်အတွက်ဆိုပြီး ရဟန်းဝတ်မှာပါ။ သူ့ရဲ့ အဖေရဟန်းဝတ်တဲ့ ကုသိုလ်တွေကိုလည်း ညီလေး ငယ်ရပါစေလို့ ဆုတောင်းပါတယ်”လို့ မိခင် ဒေါ်သန်းမြိုင် က ပြောပြခဲ့ပါတယ်။

မင်းသွေးကွယ်လွန်တာ တစ်လပြည့်တဲ့နေ့မှာ ကျန်ရစ်သူမိသားစု နည်းတူ မင်းသွေးကို အားပေးချစ်ခင် ကြတဲ့ ‘မင်းသွေးနှင့် ဆွေမျိုးတစ်သိုက်’ကလည်း အလှူ အတန်းတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here