တစ်ဦးနဲ့တစ်ဦး ပါရမီဖြည့်ကြရင်းနဲ့ သာယာပျော်ရွှင်ဖွယ် မိသားစုလေး တည်ဆောက်ထားကြတဲ့ စည်သူလွင်နဲ့ နွယ်မာကျော်

0
227

စည်သူလွင်နဲ့ နွယ်မာကျော်တို့ ဇနီးမောင်နှံက သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။ စည်သူလွင်ရဲ့ဇနီး နွယ်မာကျော်က တစ်ချိန်က မော်ဒယ်လ်တစ်ဦး ဖြစ်ပါတယ်။ သူတို့နှစ်ဦး ချစ်သူဘဝမှာလည်း နွယ်မာကျော်က မော်ဒယ်လ်အဖြစ် အနုပညာလောကမှာ ရပ်တည်နေတုန်းပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူကမော်ဒယ်လ်အလုပ်ကို ရပ်နားခဲ့ကာ စီးပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်ဖြစ်ခဲ့ ပါတော့တယ်။ အခုအချိန်မှာတော့ ဆိုင်ဖွင့်ထားပြီး မိခင်ကောင်း ဇနီးကောင်းတာဝန်တွေကို ကျေပွန်စွာ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်က အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့တာကြောင့်လည်း ခင်ပွန်းဖြစ်သူကို အနုပညာနဲ့ ပတ်သက်လို့ အကြံဥာဏ်တွေလည်း ပေးဖြစ်တယ်လို့ သိရပါတယ်။

”ကိုစည်တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်တိုင်း အစ်မကတော့ အကြံဥာဏ်လေးတွေ ပေးဖြစ်ပါတယ်။ ကိုစည်က အစ်မထက်လည်း ဝါရင့်ပါတယ်။ ဂီတသက်တမ်းကလည်း အကြာကြီးရှိနေပြီလေ။ ကိုစည်နဲ့စပြီး ရည်းစားဖြစ်တဲ့ အချိန်မှာ အမြဲတမ်းအတွက်မင်း သီချင်းက တအားပေါက်နေတယ်။ အဲ့ဒီ့သီချင်းက အစ်မအတွက် အမြဲတမ်းအမှတ်တရ ဖြစ်နေပါတယ်။ သီချင်းကတော့ သူ့သီချင်းတွေ အကုန်လုံးကို နားထောင်ပါတယ်”လို့ ခင်ပွန်းဖြစ်သူကို ပါရမီဖြည့်ဖက်တစ်ဦး အနေနဲ့ ကူညီလုပ်ဆောင်ပေးနေတာနဲ့ ပတ်သက်လို့ နွယ်မာကျော်က ပြောပြပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေနဲ့အတူ နေ့စဉ်ဘဝကို ဖြတ်သန်းလာခဲ့တာ အိမ်ထောင်သက်တမ်း ရှည်ကြာတဲ့ အိမ်ထောင်သည်တွေဖြစ်လို့ လာခဲ့ပါပြီ။

”အခုခေတ်က တအားကိုခေတ်မီနေတဲ့ ခေတ်လေ။ မိန်းမတွေက မိန်းမတွေက မိသားစုကိုလည်း ဂရုစိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လှအောင်နေရတယ်။ ဒီခေတ်ရဲ့ အနေအထားကို ပြောပြတာပါ။ အရင်ခတ်နဲ့ မတူတော့ဘူး။ အရင်ခေတ်ကဆိုရင် အိမ်ရှင်မတွေက အိမ်ထဲမှာပဲနေတယ်။ အခုခေတ်ကတော့ အဲဒီလိုမဟုတ်တော့ဘူး။ အိမ်ပြင်ထွက်ရတယ်။ အပေါင်းအသင်း မိတ်ဆွေဆိုလည်း ထားရတယ်။ မိန်းမတွေက ယောက်ျားတွေနဲ့ ရင်ပေါင်တန်းနိုင်နေပြီ ဆိုတော့ အဲဒါကို ကိုယ်ကကောင်းတဲ့ အကွက်ကို ယူပြီးတော့ ယောက်ျားကို ပံ့ပိုးတယ်။ သားကိုဆိုလည်း ကိုယ်တိုင် သွားကြိုတယ်။ အစ်မကတော့ အဲဒီလိုလေး မိသားစုကို ထိန်းသိမ်းဖြစ်ပါတယ်”လို့ နွယ်မာကျော်ကပြောပါတယ်။ သူတို့နှစ်ယောက်ရဲ့ သားလေး ဘုန်းပြည့်စည်သူက အခုဆိုရင် ၇နှစ်ရှိပြီဖြစ်ပြီး ပထမတန်းမှာ တက်ရောက် သင်ကြားနေပါတယ်။ နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်တာကြောင့် သူတို့သားလေးကလည်း အနုပညာဗီဇပါတယ်လို့ ဆိုရမှာပါ။ ဘုန်းပြည့်စည်သူက ဒရမ်တီးတာ ဝါသနာပါသလို ပန်းချီရေးဆွဲတာလည်း ဝါသနာပါတယ်လို့ သိရပါတယ်။

”သူကနည်းနည်းတော့ ရှက်တတ်တယ်။ အနုပညာနဲ့ ပတ်သက်တာ တစ်ခုခုတော့ ဖြစ်လာမယ်လို့ ထင်ပါတယ်။ သူလုပ်ချင်တဲ့ အနုပညာကို အစ်မကတော့ ပံ့ပိုးပေးသွားမှာပါ။ သူ့အပေါ်ပဲ မူတည်ပါတယ်” လို့သားနဲ့ ပတ်သတ်လို့ နွယ်မာကျော်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here