ဘူတာရုံကသီချင်း..

0
285

ရထားဟာ ဖြည်းဖြည်းလေး
နှေးနှေးလေး ဝင်လာပြီ
ဥသြဆွဲသံကလည်း
နီးသထက်နီးလာပြီ
ကျယ်သထက် ကျယ်လာပြီ။
လူများ ရုတ်ရုတ်သဲသဲ
လုယက်တိုးဝှေ့ ခရီးသည်များ
ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များ
ရထားကိုစောင့်ကြ
အခုရထား ဆိုက်လာပြီဆိုတော့
လှုပ်ရှားမှုတွေ ပိုမြန်လာကြ
အိပ်တန်းပျောက် ငှက်တစ်ကောင်ရယ်
ဘူတာရုံထဲ လှည့်လည်ကျက်စား
ကြွက်မည်းမည်းကြီးတစ်ကောင်ဟာလည်း
ရထားကိုစောင့်ကြ
ရထားတစ်စင်းပြီးတစ်စင်းဝင်လာ
ထွက်ခွာခုတ်မောင်း
သူတို့စီးနင်းမယ့်ရထားကတော့
အခုထိ မဆိုက်ကပ်သေးဘူးတဲ့
အိပ်တန်းပျောက်ငှက်ဟာ တစ်ခါတလေ
မြို့ထဲမျက်စိလည်နေတတ်ပြီး
လမ်းပေါ်ကျကျန်
သောက်ပြီးသားဆေးလိပ်တစ်တိုနဲ့လည်း
တစ်နေကုန်ဖြစ်တဲ့အကြောင်း
တောအရက်တစ်လုံးကို
လေးရက်လောက်
စွဲသောက်တဲ့အကြောင်း
ဒုက္ခဆင်းရဲ လောကဓံဟာ
သူ့ဆီအလည်လာတတ်ပြီး
တော်တော်နဲ့ မပြန်ကြောင်းကို
ကြွက်ကိုပြောတော့
ကြွက်ဟာခေါင်းတညိတ်ညိတ်နဲ့
သဘောကျလို့နေရဲ့။
ဟော ဆိုက်လာပြန်ပြီ ရထားတစ်စင်း
ရန်ကုန်-နေပြည်တော်-မန္တလေးတဲ့
အင်း ဟိုဘက်ရထားက
ပြည်ကနေရန်ကုန်တဲ့
အခုထိတော့ သူတို့စီးနင်းမယ့်ရထားဟာ
မဆိုက်ကပ်လာသေးဘူးတဲ့
ဘူတာရုံထဲ လူများရှင်းသွား
စကားသံများတိုးသွား
ညဟာ တိတ်ဆိတ်သထက်
ပိုပြီးတိတ်လာခဲ့ပြီ။
ရထားများ အဝင်ကျဲခဲ့
ဒီတော့ ကြွက်ဟာ
ကျုပ်က ကမ္ဘာကြီးအတွက်
တစ်နေ့ကိုကဗျာတစ်ပုဒ်ရေးနေတဲ့ကောင်
လောကဓံကို လုပ်ကြံဖို့
အမိန့်ရထားတဲ့ကောင်
(ခင်ဗျားဆီ အလည်လာတတ်တဲ့
လောကဓံကို လုပ်ကြံဖို့တော့
မဖြစ်နိုင်ဘူး)
ဆေးလိပ်ဖက်ကြမ်းနဲ့
လောကကြီးကို အရွဲ့တိုက်
ဇွတ်မိုက်နေတဲ့ကောင်
အပျော်ရှာရင်း
အပျော်မယားနဲ့ ပျော်တဲ့ကောင်
ကျုပ်ကလေ
ဟောဒီကမ္ဘာကြီးအတွက်ဆိုရင်
သစ်ရွက်ဝါဝါလေးတစ်ရွက်လို
ဝန်မလေးတဲ့ကောင်
ကြွက်ဟာ သူ့လွယ်အိတ်ထဲက
အရက်ကိုထုတ်ပြီး
ငှက်ကိုမော့ခိုင်းလိုက်တယ်
ကဲ သောက်သူငယ်ချင်း
မင်းရဲ့မရှိတဲ့ အိပ်တန်းအတွက်သောက်
ငါကတော့ ကမ္ဘာကြီးအတွက်သောက်မယ်။
ဒီလိုနဲ့ စကားများဝဲလာ
နှေးကွေးလာ လေးတွဲလာ
သောက်လက်စပုလင်းရဲ့
တံဆိပ်ဟာ ‘ကဗျာ’တဲ့
မူးရင်သွေးဆိုးတတ်တဲ့ ကြွက်ဟာတော့
တောက်တခေါက်ခေါက်နဲ့
ဘာလဲငှက်
မင်းက အရက်တင်မဟုတ်ဘဲ
ငါ့ကိုပါသောက်ပြီးမှောက်မယ်တဲ့လား
ရုတ်တရက် ရထားဆိုက်လာ
ဘူတာရုံထဲ
ဘာမှမရှိတော့သည်အထိ
တင်ဆောင်သွား
သေခြင်းတရားတဲ့ . . .။

အိုးဝေငြိမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here