သရုပ်ဆောင် စိုးမြတ်နန္ဒာနဲ့ အမှုရင်ဆိုင်နေရတဲ့ ဦးကျော်ကျော်ထွန်းရဲ့ ဖြေရှင်းချက်ကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ

0
185

Striking Thunder Entertainment မှ ဦးကျော်ကျော်ထွန်းက နိုင်ငံပိုင်သတင်းစာကနေ သရုပ်ဆောင် စိုးသူထံကြွေးမြီ တောင်းတဲ့ ကြေညာချက်မှာ သရုပ်ဆောင် စိုးမြတ်နန္ဒာရဲ့နာမည်ကို ထည့်သွင်းခဲ့တာကြောင့် စိုးမြတ်နန္ဒာက မရမ်းကုန်းမြို့နယ်တရား ရုံးမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝဝဖြင့် ဦးတိုက်လျှောက်ထားမှုအပေါ် ရုံးတော်ကလက်ခံခဲ့တာဖြစ်ပါတယ်။ အဆိုပါအမှုအတွက် ရှေ့မှာ ရုံးချိန်းတွေရှိခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၃ရက်နေ့ ရုံးချိန်းမှာတော့ သရုပ်ဆောင် စိုးမြတ်နန္ဒာရော၊ ဦးကျော်ကျော်ထွန်းပါ လာရောက်ခဲ့ပါတယ်။ တရားရုံးကနေထွက်လာတဲ့ ဦးကျော်ကျော်ထွန်းကို မေးမြန်းဖြစ်တဲ့အခါ မှာတော့ . . .

”ကိုစိုးသူနဲ့ သူကိုယ်တိုင် အသိသက်သေရေးထိုးထားတဲ့ စာချုပ်လည်း ရှိတယ်လေ။ အဲဒီမှာ လက်မှတ်ထိုး ထားတာကို သူဝန်ခံသွားပြီ” လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။ သရုပ်ဆောင်စိုးမြတ်နန္ဒာက အသရေဖျက်မှုဆိုင်ရာပုဒ်မ ၅ဝဝနဲ့ တရားစွဲဆိုထားသလို လျော်ကြေးငွေ ကျပ်သိန်းတစ်သောင်းကျော် တောင်းခံထားတဲ့ အပေါ်ကို ဦးကျော်ကျော်ထွန်းရဲ့ သဘောထားက ဘယ်လိုရှိလဲလို့ဆိုတော့ . . .

”ဒါကတော့ သူဖြစ်ချင်တဲ့ ဆန္ဒပေါ့လေ။ ကျန်တာကတော့ ကျွန်တော်တို့က တရားရုံးက ဆုံးဖြတ်မှာပါ”လို့ ပြောပါတယ်။ နောက်ထပ် ရုံးချိန်းတွေမှာ ဘယ်လိုဖြစ်လာနိုင်လဲ၊ ဦးကျော်ကျော်ထွန်းဘက်က ဘာများပြောချင်တာရှိလဲလို့ ဆိုတော့ . . .

” ဘယ်လိုဖြစ်လာနိုင်လဲ ဆိုတာကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပဲလေ။ ကျွန်တော်တို့ကလည်း ကြေညာခဲ့တုန်းက သဘောရိုးနဲ့ပဲ ကြေညာခဲ့တာလေ။ ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ ကြေညာချက်ထဲမှာတောင် ၇ ရက်အတွင်း လာမပေးလို့ရှိရင် ကျွန်တော်တို့က တရားစွဲမယ်တို့၊ ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်မယ်တို့ ကျွန်တော်တို့ ဖော်ပြခဲ့ခြင်း လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အဓိက သူ့ ကို ကြေညာတယ်ဆိုတာ ဆက်သွယ်မရလို့။ သူ့ကြေညာချက်တွေမှာလည်း ပြောထားတယ်။ ၂ဝ၁၆ ခုနှစ် ကတည်းက ကျွန်တော့်ကို ဘလော့ခ် လုပ်ထားတယ်တို့၊ ကျွန်တော့်တယ်လီ ဖုန်းနံပါတ်ကို မကိုင်ဘူး။ တခြားနံပါတ် သူပြောင်းကိုင်တယ်တို့ဆိုတော့ ကျွန်တော် သူတို့ ၂ယောက်စလုံးကို ဆက်သွယ်လို့မရဘူး။ သူတို့မှာလည်း ကျွန်တော်တို့ကို အဆက်အသွယ် ရှိတယ်သာပြောတာ။ ကျွန်တော်တို့က အဆက်အသွယ်လိုချင်တာ မဟုတ်ဘူးလေ။ ကိုယ့်ပိုက်ဆံကို အေးအေးဆေးဆေး ပြန်ရချင်တာလေ။ ဒီလိုအမှုအခင်း ဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့က လိုလားတာ မဟုတ်ဘူး။ သူတို့ ၂ယောက်စလုံးကိုလည်း အရှက်ခွဲချင်တဲ့ စိတ်မရှိဘူး။ ဒါခင်တဲ့မိတ်ဆွေတွေ။ ဒါပေမဲ့ ဒီပိုက်ဆံက ၂ဝ၁၅ခုနှစ်၊ ၈လပိုင်းကတည်းက ယူထားတာ။ ၂ဝ၁၇ ခုနှစ်၊ ၁၁လ ပိုင်းအထိ ပြန်မှမပေးတာ။ တတိယအရစ်ကိုလေ။ ရက်ပေါင်း လေးဆယ်ကျော်တယ်။ ၇ရက်၊ ၇လ မှာ ပေးရမယ့်ဥစ္စာကို သူမပေးဘူး။ ကျွန်တော်တို့ ကြေညာတာ ၂ဝရက် ၈လရယ်၊ ၁၈ရက် ၈လမှာပါ ကြေညာတာ။ ကျွန်တော်တို့က စာချုပ်ချုပ်တယ်ဆိုတာက နှုတ်ကတိမတည်လို့ စာချုပ်ချုပ်ကြတာလေ။ အဲဒီစာချုပ်ကိုပါ ထပ်ဖောက်ဖျက်တယ် ဆိုတာကတော့ တအားကို လွန်လွန်းအားကြီးတာပေါ့။ အဲဒီအပြင်ကို ဖြစ်လာတော့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ ထွက်ပြေးတာပေါ့” လို့ ဦးကျော်ကျော်ထွန်းက ပြောပြခဲ့ပါတယ်။

သတင်း-မျိုးမောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here